သတင်းအချက်အလက်များ

မြန်မာပြည်သူ့ အသိုင်းအဝန်းကြားက ပဋိပက္ခများ

မြန်မာပြည်သူ့ အသိုင်းအဝန်းကြားက ပဋိပက္ခများ စက်တင်ဘာ 12, 2019

စာရှုသူများခင်ဗျား …
ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ လူ့အသိုက်ဝန်းတွေကြားက ပဋိပက္ခတွေ ဖြစ်နေပါတယ်။ အင်္ဂလိပ်လို communal conflict လို့ ခေါ်တာပ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနောက်ပိုင်းမှာ ဖြစ်လာတာပါ။ အရင်က မဖြစ်ဘဲ အခုမှ ဘာကြောင့်ဖြစ်ရသလဲ။ စေ့ငုတဲ့အခါ၊ လား … လား … ကျွန်တော်တို့ ပြည်မှာ “စနစ်တကျ အဓိကရုဏ်းဖန်တီးရေးအဖွဲ့ကြီး” တည်ရှိနေပြီတဲ့ဗျ။ အဓိကရုဏ်းဖြစ်အောင် ဖန်တီးတဲ့ အင်စတီကျူးရှင်းတဲ့၊ အဲသည်ကြောက်စရာကြီး ရှိကိုရှိတယ်လို့ ဆိုတဲ့သူက ဆိုနေကြပါပြီ။

လူတော်တော်များများက ရိပ်မိပါတယ်။ သမ္မတကြီးကတောင် နောက်ကွယ်က လူတစုဆိုတာမျိုး ပြောတာပါ။ ပေါလ်ဘရက် ဆိုတဲ့ နိုင်ငံရေးသိပ္ပံပညာရှင်ကတော့ ဒါမျိုးတွေ အထူးသဖြင့် ဟိန္ဒူ မွတ်စလင်တွေကြား လူ့အသိုက်အဝန်းနှစ်ခုကြားက ပဋိပက္ခများလို့ ပြောရင်ကို အဲသလို နာမည်တပ်တာမျိုးက မှားတယ်။ စနစ်တကျ အဓိကရုဏ်း ဖန်တီးရေးစနစ်၊ အဖွဲ့က အဲသလို ခေါင်းစဉ်တပ်တာမျိုးကို ကြိုက်တယ်။ ဒါမှ သူတို့ ဖန်တီးထုတ်လုပ်တာ မပေါ်မှာမို့ပဲတဲ့။ ဆက်လက် ဖတ်ရှုတော်မူကြပါ ခင်ဗျား။

စနစ်တကျ အဓိကရုဏ်းဖန်တီးတဲ့ စနစ်၊ အဖွဲ့ (institutionalized riot system) ကို အောက်ပါအတိုင်း တည်ဆောက်ထားတာပါ။

(၁) မီးမွှေးသူတွေ

မီးမွှေးသူဆိုတဲ့အတိုင်း အသေးအဖွဲလေးတွေ ရန်ဖြစ်တာတွေကို သတင်းပြန့်အောင် လုပ်တယ်။ တင်းမာမှုတွေ ပေါ်အောင် ကြီးထွားအောင် ပုံကြီးချဲ့မယ်။ အပေါ်ယံမှာတော့ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ထိန်းထားလိုတဲ့ ဆန္ဒ သူ့မှာရှိသလိုလို နေမယ်။ သူဟာ စကော်လာတယောက် ပညာရှင်တယောက် ဖြစ်ချင်ဖြစ်နေနိုင်တယ်။ မြန်မာကောင်မလေးတယောက်ကို မွတ်စလင် ကောင်လေးတယောက်က ခိုးပြေးတာမျိုးကို သူက စိတ်ဝင်စားတယ်။ ဘာသာခြား နှစ်ခုကြား ဈေးရောင်းရင်း စကားများတာမျိုးကိုလည်း သူက ဖော်ထုတ်နေတတ်တယ်။ အမုန်းစကားတွေ လွှင့်တယ်။ မတူတာတွေ ကွဲပြားတာတွေ ဟောချင်ဟောတယ်။ လူမျိုး ဘာသာ မတူတဲ့ အုပ်စုတွေကြား ရင်လိုမုန်းတီးမှုကို တောက်နေအောင် လောင်နေအောင် အဆက်မပြတ် မီးမွှေးထားဖို့ ဆိုတဲ့ ကဏ္ဍကို ယူတဲ့သူတွေပါပဲ။

(၂) အချက်ပြသမား

ဒီလူတွေကတော့ လုပ်ကြတော့ဟေ့လို့ အချက်ပြပေးတဲ့ သူတွေပေါ့။ ဒေသခံ နိုင်ငံရေးသမားတယောက် ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးဘေးမှာ ရှိနေတာများတယ်။ ပဋိပက္ခဖြစ်အောင် ခု လုပ်မလား၊ မလုပ်သေးဘူးလား၊ လူအုပ်ကြီးကို ဘယ်လို စုစည်းမယ်၊ ဘယ်လမ်းကြောင်း ခေါ်သွားမယ်ဆိုတဲ့ နည်းနာတွေ တတ်တယ်။ တကယ်တော့ အချက်ပြသမားဟာ ကျွမ်းကျင်တဲ့သူတဲ့။ စပါရှယ်လစ် ဆိုပဲ။ သူက အချိန်ရောက်ပြီ ဆိုရင် အချက်ပြတယ်။ ပြောတဲ့ဆိုတဲ့စကားတွေမှာ အလွန်အမင်း ရန်လိုမုန်းတီးမှုတွေ ပါလာပြီ။ ခဲနဲ့ စတင်ပေါက်တဲ့သူပေါ့။ ဒီနောက်တော့ အဲဒီနေရာကနေ ရှောင်သွားတော့မယ်။ ဒါပေတဲ့ ချကုန်ပြီဟေ့ ဆိုတဲ့ စကားက နှစ်ဘက်စလုံးကို ရောက်သွားပြီ။

(၃) ငွေပေးမယ်၊ မြှောက်စားမယ်ဆိုပြီး စည်းရုံးထားတဲ့ လူဆိုးလူမိုက်တွေ၊ မွဲတေနေသူတွေ။

(၄) မီဒီယာတွေ

သူတို့ကတော့ တကယ်လုပ်သူတွေအကြောင်းကို ရေးသားပြောဆိုတာထက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးဆိုပြီး အကြမ်းဖက်မှု ဖြစ်နေတုန်းရော ဖြစ်ပြီးနောက်ရော ပြောဆိုရှင်းပြတဲ့သူတွေ။ ကောလာဟလတွေကို ပုံနှိပ်ထုတ်ဝေပေးတဲ့ သူတွေ၊၊ ဆွပေးတဲ့သူ၊ သားကောင်ဖြစ်ရရှာသူတွေကိုပဲ အပြစ်တင်ခံရအောင် ရေးသူတွေပါပဲ။

(၅) နိုင်ငံရေးသမားတွေ အာဏာပိုင်တွေ

သူတို့တွေကတော့ အဓိကရုဏ်းမှာ ပါသူတွေကို အကာအကွယ်ပေးတယ်။ ထောင်ကျသွားရင် ထောင်ထဲက ထုတ်ပေးတယ်။ နိုင်ငံရေးမှာ ထုတ်ရလေ့ရှိတဲ့ မေးခွန်းတခုက “ဘယ်သူဟာ ဘယ်အချိန်မှာ ဘယ်ဟာကို ဘယ်လို ရမှာတုန်း” ဆိုပဲ။ တချို့ နိုင်ငံရေးသမားတွေ အာဏာလက်ရှိတွေဟာ အဓိကရုဏ်းတွေကြောင့် အကျိုးကျေးဇူးတွေ ရတယ်။ ဒါကြောင့် သူတို့ရဲ့လက်ဝေခံ စီးပွားရေးသမားတွေကလည်း အဓိကရုဏ်း ဖန်တီးတဲ့စနစ် အဖွဲ့ကို လျှိုဝှက်ထောက်ပံ့ကြတယ်။

စာရှုသူများ ခင်ဗျား …
အဲသလို အဓိကရုဏ်းဖန်တီးရေးစနစ်ကို လျှို့ဝှက်တည်ဆောက်ပြီး တာဝန်တွေခွဲဝေပြီးရင် အဓိကရုဏ်းတွေကို သူတို့လိုတဲ့အချိန် လိုတဲ့နေရာမှာဖြစ်အောင် ထုတ်လုပ်တော့တာပါပဲတဲ့။
အဓိကရုဏ်းထုတ်လုပ်မှုမှာ အဆင့်သုံးဆင့် ပါသတဲ့။

(၁) ပြင်ဆင်ပေးတယ်။ (ဇာတ်တိုက်တယ် ဆိုကြပါစို့။)

အုပ်စုဝင်တယောက်က တခြားမတူတဲ့ အုပ်ဝင်တယောက်အပေါ် ကျူးလွန်တဲ့ စော်ကားမှုတွေ ခြိမ်းခြောက်မှုတွေလိုမျိုး နေ့စဉ်နဲ့အမျှ သာမန်ဖြစ်တတ်တဲ့ အဖြစ်အပျက်လေးတွေကို ခုတုံးလုပ် ပုံကြီးချဲ့ပြီး တင်းမာမှုတွေကို ဆက်လက်ကြီးထွားနေအောင် မွေးပါတယ်။ အဓိကရုဏ်းတွေ ထူးထူးခြားခြားဖြစ်ပွားတဲ့ ဒေသတွေမှာ ပြင်ဆင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်ပေးခြင်းကို အမြဲမပြတ် လုပ်ဆောင်နေကြတာကို တွေ့ရတာပါပဲ။

(၂) အကောင်အထည်ဖော်တယ်။

အကောင်အထည်ဖော်ခြင်းဆိုတဲ့ ဒုတိယအဆင့်ကိုတော့ ချက်ချင်း မလုပ်ဆောင်ဘူး။ အကောင်ထည်ဖော်နိုင်ဖို့က အချိန်ကာလ အားဖြင့်လည်း သင့်တော်နေရမှာဖြစ်ပြီး အချိန်ကာလဆိုတာကလည်း နိုင်ငံရေးအခြေအနေပေါ်မှာ မူတည်နေတာပါ။ အတိုင်းအတာကြီးမားတဲ့ အဓိကရုဏ်းတွေကို နိုင်ငံရေးအရပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ အခြေအနေတွေမှာ လုပ်ဆောင်ကြလေရဲ့။

(၃) ရှင်းပြတယ် (ဝါ) အဓိပ္ပာယ်ဖွင့်ပြတယ်။

အကြမ်းဖက်မှုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေကို ရှင်းပြဖို့ ကြိုးစားတာက အဓိပ္ပာယ်ဖွင့်ဆိုပြခြင်းဆိုတဲ့ တတိယအဆင့်ပါပဲ။ ဒီအဆင့်ကို ရောက်လာပြီဆိုရင် ဂျာနယ်လစ်တွေ နိုင်ငံရေးသမားတွေ လူမှုသိပ္ပံပညာရှင်တွေနဲ့ လူထုသဘောထားအမြင်ကို ပုံဖော်ဖို့ ကြိုးစားနေသူတွေ ပါဝင်လာကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူတိုင်းမဟုတ်ရင်တောင် သာမန်လူတွေရဲ့ ယေဘုယျအမြင်မှာ အကြမ်းဖက်မှုတွေဆိုတာ ရုတ်တရက် ကောက်ကာငင်ကာ ပေါ်ပေါက်လာတာဖြစ်တယ်။ ဘာသာရေး လူမျိုးရေးတွေမှာ မြစ်ဖျားခံပြီ ပါဝင်လာကြတာ။ ကြိုတင် ခန့်မှန်းရခက်ခဲပြီး ကာကွယ်တားဆီးဖို့ ထိန်းသိမ်းကိုင်တွယ်ဖို့ ခက်ခဲတယ် ဆိုတာ လူတွေလက်ခံလာအောင် လုပ်ကြဖို့ပါပဲ။

တကယ်တမ်းမှာတော့ အဓိကရုဏ်းတွေ သတ်ဖြတ်မှုတွေဆိုတာ ကြိုတင်အကွက်ချ စီစဉ်ထားတာဖြစ်ပြီး ရုတ်တရက် ဖြစ်ပေါ်လာတာတွေ မဟုတ်ကြပါဘူး။ ဒေါသတွေ အကြောက်တရားတွေကြောင့် ပူထူနေတဲ့ လူအုပ်ကြီးက လုပ်ဆောင်တာလည်း မဟုတ်ပါဘူး။

အဓိကရုဏ်းထဲမှာ ပါနေတဲ့ လူအုပ်ကြီးက တမင်တကာ သွေးကြွလာအောင် ဆွပေးခံထားရတာဖြစ်ပြီး ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အဖွဲ့တွေ အုပ်စုတွေက စီစဉ်ဆောင်ရွက်ပေးတာသာ ဖြစ်ပါတယ်။

အဓိကရုဏ်းတွေ ဖြစ်လာတော့မယ်ဆိုတာကို ကြိုတင်ညွှန်ပြနေတဲ့ သတိပေး အချက်ပြ သင်္ကေတတွေလည်း ရှိတာများပါတယ်။ ရှင်းပြခြင်းအဆင့်မှာ တကယ်ကျူးလွန်သူတွေ တကယ်တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ကလည်း ဖြစ်နိုင်ပါတယ်။

ဒါပေတဲ့ မဆိုင်တဲ့သူတွေအပေါ် အပြစ်တွေ ပုံချကြပါတယ်။ အဲဒီလိုပုံချနိုင်မှပဲ တကယ် တာဝန်ရှိသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်တော့ဘဲ အခြေအနေတွေက ရှုပ်ထွေးဝေဝါးသွားပါတယ်။ အဲဒီလိုမျိုး လွှဲချအပြစ်တင်ခြင်းနဲ့ တာဝန်ရှိသူတွေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်တာကြောင့် နောက်နောင်အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေအောင် လုပ်ဆောင်ဖို့ လွယ်ကူသွားရောတဲ့။

မောင်မြတ်ထင်