သတင်းအချက်အလက်များ

အက်ဆေး | ကျွန်တော်နဲ့ အလွဲ

အက်ဆေး | ကျွန်တော်နဲ့ အလွဲ အောက်တိုဘာ 21, 2015

အကျိုးအကြောင်းမဆီမလျော်နဲ့ အလွဲတကာအလွဲမှာ နေရာတွေ လွဲတာကလည်း ဘဝဇာတ်ဆရာရဲ့ ဟာသပြဇာတ်တစ်ပုဒ်လေလားလို့ ဟစ်အော်ပစ်လိုက်ချင်တယ်။

ကျွန်တော်နေတာက ရန်ကုန်မြို့ရဲ့ စမ်းချောင်းမြို့နယ်ထဲမှာ။ အလုပ်က ဖော့ကန်- အင်းစိန်မှာ။ အသွား ချည်းပဲ တစ်နာရီနီးနီး ကြာမြင့်တယ်။ ဒါတောင် ဘတ်စ်ကားထဲမှာ အထူးကို ရွေးစီးဦးမှ။ ကားမှတ်တိုင်ရောက်ဖို့ ကလည်း လမ်းအတော်လျှောက်ရသေး။ ဒီလို နေ့တဓူ၀ အလုပ်သွား အလုပ်ပြန်နဲ့ ပုထုဇဉ်တို့ရဲ့အသက်သွေး ကြောနဲ့ နှလုံးလည်ပတ်ခဲ့ပေါ့။

တစ်နေ့တော့ ကိုယ့်ဘာသာ သတိထားမိလာတယ်။ ကိုယ်က စမ်းချောင်းကနေ အလုပ်ကို အသွား။ တခြား အခြားသော သူတွေကတော့ဖြင့် အလုပ်လုပ်ဖို့ စမ်းချောင်းကို လာကြတယ်။ သူတို့နဲ့ ကိုယ်နဲ့ ပြောင်းပြန် လို ဖြစ်နေပါပေါ့။ အင်းစိန်ရောက်တော့လည်း အဲလိုပဲ။ ကိုယ်က အလုပ်အတွက် အင်းစိန်ကို အဝင်၊ အင်းစိန်သူ အင်းစိန်သားတွေက အလုပ်အတွက် ထွက်လာကြနဲ့။ ပြောင်းပြန်ပဲ။

ညနေ အလုပ်ဆင်းချိန်မှာလည်း အဲလိုမျိုးပါ ပဲ။ ကျွန်တော်တစ်ယောက်တည်း အူလည်လည်ကြီးနဲ့ သင်းကွဲတစ်ကောင်လို ကျန်တဲ့လူတွေနဲ့ လမ်းတွေ လွဲကြ နဲ့၊ နေရာတွေ လွဲခဲ့ကြ။

နေထိုင်ရာနဲ့ လုပ်ကိုင်ရာ နေရာတွေ တေ့လွဲခဲ့ကြတယ်။ ဘဝမှာ ဘယ်လောက်များ ကျွန်တော်တို့ လွဲခဲ့ ကြလဲ။ ဘယ်လောက်ထိများ ဆက်ပြီး လွဲရဦးမှာပါလဲ။ ဒီလိုအလွဲတွေကို သည်းမခံနိုင်တဲ့ ကျွန်တော့် အပေါ် ဘုရားသခင်ရဲ့အမျက်တော်လည်း လွဲရပါစေသား။

ဒီလိုနဲ့ ကျွန်တော်ဟာ အစာအိမ်တစ်လုံးအတွက် အာမခံချက် ပေးနိုင်မယ့် တခြားသော အလုပ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့တယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရမှာမို့ မတတ်သာဘဲ အညာမြေသို့ ခြေဦးလှည့်ခဲ့ရပြီ။ အညာ လေပူက ကျွန်တော့်ဘဝအမောကို ပိုလို့တောင် လှိုက်စားကြပေါ့။ သြ … ခပ်ကြီးကြီးကို မိသားစုနဲ့ လွဲရပြန်ပေါ့။

ကိုယ်က ရန်ကုန်ကနေ စစ်ကိုင်းတိုင်း ရေဦးကို တစ်ဝမ်းတစ်ခါးအတွက် ရောက်ရှိခဲ့ပြီ။ ဒါပေမဲ့ ဒီရောက် တော့ လူငယ်အတော်များများက အလုပ်အကိုင်အခွင့်အလမ်းအတွက် ကျွန်တော်စွန့်ခွာခဲ့ရာ ရန်ကုန်မြို့ကြီးဆီ ချီတက်နှင့်ကြပြီ။

ကျွန်တော်နဲ့ ဘာရယ်လို့များ လွဲနေကြရပါလိမ့်လို့ အတွေးတစ်စနဲ့ ကလောင်ဆွကြည့်မိတော့ သူငယ်ချင်းဆရာဝန်တစ်ယောက်ကို ပြေးသတိရမိတယ်။ ကျောင်းပြီးတာ နှစ်အတော်ကြာသွားပေမယ့် သူနဲ့ သင့်တော်ရာအလုပ် မရနိုင်တာမို့၊ ကယောင်ကတမ်းနဲ့ မီဒီယာလုပ်ငန်းတစ်ခုမှာ ဘောပွဲတင်ဆက်သူအဖြစ် အလုပ်လျှောက်လွှာ တင်ဖြစ်ခဲ့သတဲ့လေ။ ဆရာဝန်ဘွဲ့မှ အားမနာ၊ အလုပ်က ရှားလိုက်သည့်ဖြစ်ခြင်း။

သြ … နေရာတွေ လွဲ၊ ပညာတွေ လွဲ၊ အလုပ်အကိုင်တွေ လွဲ၊ မွေးဌာနေနဲ့ လွဲ၊ အိပ်မက်တွေနဲ့ လွဲ၊ ဘဝနဲ့ လွဲ၊ မိသားစုနဲ့ လွဲ၊ သယံဇာတတွေ လွဲနဲ့ လွဲကောင်းတိုင်း လွဲခဲ့ကြ။ အင်း …ဘယ်လောက်များ ကျွန်တော်တို့ ဆက်ပြီး လွဲရဦးမှာလဲ။ ဒါတောင် ကိုယ်တစ်ယောက်တည်းရဲ့ ပေါက်ကရအလွဲတွေ ထည့်မတွက်သေးဘူးနော်။

နာဇရက်
(၁၇.၁၀.၂၀၁၃)
ရေဦးမြို့။