သတင်းအချက်အလက်များ

လူမှုဘဝအတွင်း တရားမျှတမှုကို ရှာဖွေခြင်း ၂

လူမှုဘဝအတွင်း တရားမျှတမှုကို ရှာဖွေခြင်း ၂ မတ် 15, 2019

နေ့စဉ်လူမှုဘဝမှာ မညီမျှမှုတွေ ပုံစံမျိုးစုံနဲ့ တွေ့ကြုံနေရပါတယ်။ လူအများက လွတ်လပ်စွာ၊ လုံခြုံစွာ နေထိုင်ခွင့်ရဖို့ တောင့်တနေကြပါတယ်။

ထို့ကြောင့် မညီမျှမှုတွေကို တတ်အားသမျှ လျော့နည်းစေဖို့ လူမှုဘဝတရားမျှတမှုကို ဖော်ဆောင်နိုင်မယ့် အချက်အလက် အချို့ကို စုစည်း ဖော်ပြလိုပါတယ်။

၁။ လူအများ စုဖွဲ့မှု အားကောင်းစေရန် လုပ်ဆောင်ခြင်း

လူမှုအသိုက်အဝန်းနဲ့ အရေးကိစ္စအခြေပြု လှုပ်ရှားနေတဲ့ အဖွဲ့အစည်းများကို တတ်အားသမျှ ပံ့ပိုးပေးပါ။ ရေတိုနဲ့ ရေရှည် မဟာဗျူဟာမြောက် အစီအစဉ်များ ရေးဆွဲထားရန် သေချာစွာ စဉ်းစားလုပ်ဆောင်သင့်ပါတယ်။ တက်ကြွလှုပ်ရှားသူများ၊ advocates များနဲ့ စကားဝိုင်းများ ပြုလုပ်ပြီး လူမှုတရားမျှတမှုနဲ့ သာတူညီမျှရှိမှုအပေါ် ပိုမိုနားလည်အောင် ကြိုးစားခြင်းသည်လည်း လူအများ စုဖွဲ့မှုအားကောင်းစေရန် လုပ်ဆောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်ပါတယ်။

၂။ စည်းလုံးညီညွတ်မှုရှိစေရန် လုပ်ဆောင်ခြင်း

လူမှုတရားမျှတမှုသည် အချင်းချင်း စည်းလုံးညီညွတ်မှု မရှိဘဲ ဘယ်လိုနည်းနဲ့မှ ဖြစ်ပေါ်လာနိုင်ခြေ မရှိပါ။ ထို့ကြောင့် အရေးအရာ ကိစ္စဆောင်ရွက်သူများအကြား၊ လူမှုအဝန်းအဝိုင်းအကြား၊ လှုပ်ရှားမှုဆောင်ရွက်သူများအကြား အချင်းချင်း အမုန်းမပွားဘဲ စည်းလုံးညီညွတ်စေရန် ကြိုးပမ်းသင့်ပါတယ်။

၃။ အရေးကိစ္စများရဲ့ အချိတ်အဆက်ကို နားလည်အောင် ကြိုးစားခြင်း

လှုပ်ရှားမှုများသည် အချိတ်အဆက်မရှိဘဲ ပေါ်ပေါက်လာလေ့မရှိဘူးလို့ ပညာရှင်များက ဆိုပါတယ်။ ထို့ကြောင့် လူမျိုးရေး၊ ကျားမရေးရာ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အရေးနဲ့ လူမှုတရားမျှတမှု စတဲ့ အကြောင်းအရာတွေ ဘယ်လိုချိတ်ဆက်နေလဲဆိုတာ စူးစမ်းသင့်ပါတယ်။ အဲ့ဒီ အရေးအရာ ကိစ္စများအကြားက အချိတ်အဆက်တွေကို လျစ်လျူရှုထားခဲ့မယ်ဆိုရင် ဘယ်သူတွေကို ဘေးဖယ်ထုတ်ထားသလို ဖြစ်သွားမလဲဆိုတာလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

၄။ စွန့်စားခြင်း

တချို့ကိစ္စတွေမှာ မိမိတို့ဘက်က ထုတ်ဖော်ပြောဆိုခဲ့လို့ သို့မဟုတ် တခုခုတုံ့ပြန်ခဲ့လို့ လုံခြုံရေးပိုင်း စိုးရိမ်ရတဲ့ အခြေအနေကြုံရနိုင်ပါတယ်။ မိမိတို့အနေနဲ့ မတရားမှုကို ထောက်ပြ မပြောနိုင်အောင်၊ တုံ့ပြန်မှုမပြုနိုင်အောင် ဘယ်အရာတွေက တားဆီးနေလဲဆိုတာနဲ့ သက်ရောက်မှုမည်မျှရှိနိုင်မလဲဆိုတာရဲ့ အတိမ်အနက်ကို သေချာစွာ စဉ်းစားထားသင့်ပါတယ်။

၅။ မိမိရဲ့ အဝန်းအဝိုင်းကို နားလည်အောင်ကြိုးစားခြင်း

တခါတလေ ကျွန်တော်တို့က အဝန်းအဝိုင်းအမြောက်အမြားနဲ့ အချိတ်အဆက်ရှိနေတတ်ပါတယ်။ စဉ်းစားရမှာက မိမိတို့နဲ့ အနီးဆုံး အဝန်းအဝိုင်းက ဘယ်အရာလဲဆိုတာနဲ့ အဲ့ဒါထက်ပိုပြီး အခြားဘာနဲ့ အချိတ်အဆက်ရှိနေသေးလဲဆိုတာဖြစ်ပါတယ်။

ကိုယ်နဲ့ အချိတ်အဆက်ရှိနေတဲ့ အဝန်းအဝိုင်းတွေထဲမှာ ဘယ်လိုမညီမျှမှုတွေဖြစ်ပေါ်နေလဲဆိုတာ ရှာကြည့်ဖို့လိုပါတယ်။ အဲ့ဒီမညီမျှမှုတွေကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတာ ဆက်တွေးသွားဖို့ဖြစ်ပါတယ်။