သတင်းအချက်အလက်များ

မြစ်ဆုံနှင့် ရေကာတာကြီးများ စာအုပ်မှ ကောက်နုတ်ချက်များ

မြစ်ဆုံနှင့် ရေကာတာကြီးများ စာအုပ်မှ ကောက်နုတ်ချက်များ မတ် 24, 2019

စီမံကိန်းရေးဆွဲသူများ

ရေကာတာ စီမံကိန်းရေးဆွဲသူတွေဟာ အလွန်အကျွံ အကောင်းမြင်မှုဘက်ကို တိမ်းစောင်းကြတယ်။ ဒါကို ဆည်ဆောက်လိုသူတွေက အလိမ်အညာနဲ့သော်လည်းကောင်း၊ လာဘ်ပေးလာဘ်ယူနဲ့ သော်လည်းကောင်း အမြတ်ထုတ်ကြတယ်။

ရေကာတာတွေအတွက် အမှန်တကယ် ကုန်ကျစရိတ်ဟာ ခန့်မှန်းတွက်ချက်ထားတာထက် နှစ်ဆလောက် တက်သွားလေ့ရှိတယ်။ ပျမ်းမျှအားဖြင့် ရေကာတာတည်ဆောက်မှုဟာ ၈.၆ နှစ်လောက် ကြာပါတယ်။ ခန့်မှန်းထားတာထက် ၄၄ ရာခိုင်နှုန်းလောက်ပိုကြာတဲ့ သဘောဖြစ်တယ်။

ဒါကြောင့် သုတေသီတွေက “လတ်တလော စွမ်းအင် အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ရေကာတာကြီးတွေဟာ ထိရောက်တဲ့ အဖြေမဟုတ်ဘူး” လို့ ဆိုတယ်။

ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျမှု

ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ငွေကြေးရင်းမြစ်ပမာဏ ကြီးကြီးမားမားကို ရေကာတာကြီးတွေက စားသွားတတ်တဲ့ သဘောရှိတယ်။ အကြောင်းကတော့ စီမံကိန်းရေးဆွဲသူတွေဟာ ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျမှုတွေကို လျှော့တွက်ကြလို့ပဲ။ ရေကာတာကြီးတွေ ဆောက်ဖို့ ငွေကြေးကို ချေးငွေအဖြစ် အိမ်ရှင်နိုင်ငံက လက်ခံရပြီး ငွေမာနဲ့ ဖြည်းဖြည်းပြန်ဆပ်ရတာ။

ဒါပေမယ့် ဒီအချက်ကို ပါကစ္စတန်က အန္ဒုမြစ်ကို ဖြတ်ဆောက်တဲ့ စီမံကိန်းကြီးနဲ့ နမူနာ ထုတ်ပြနိုင်တယ်။ အဲဒီစီမံကိန်းဟာ ၂၀၀၈ ဈေးနဲ့ ၁၂.၇ ဘီလီယံ ကုန်ကျတယ်။ ၂၀၂၁ မှာ ပြီးဖို့ မှန်းတယ်။ ဒါပေမယ့် သုတေသနမှာ တွေ့ရတာက ၂၀၂၇ ထိ မပြီးနိုင်ဘူး။ ကုန်ကျစရိတ်လည်း ၃၅ ဘီလီယံ (၂၀၀၈ ဒေါ်လာဈေးနဲ့) ဖြစ်မယ်။ ပါကစ္စတန် ဂျီဒီပီရဲ့ လေးပုံသုံးပုံလောက် ဖြစ်သွားမယ်လို့ မှန်းပါတယ်။

ဆန်းစစ်ရွေးချယ်မှု

ကျုပ်သက်တမ်း တစ်လျှောက်မှာ (နိုင်ငံရဲ့) ရည်မှန်းချက်ကို ရောက်ဖို့ ဘယ်လိုနည်းလမ်းတွေ ရှိနေတယ်ဆိုတာမျိုး ကျကျနန ဆန်းစစ်ကြတာ တစ်ခါမှ မတွေ့ခဲ့ပါ။ ရေကာတာဆိုတာက ရည်မှန်းထားတဲ့ ရလဒ်အတွက် (ဥပမာ စွမ်းအင်ဖူလုံဖို့) ရွေးချယ်စရာများထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာခဏ ကြုံရတာက ရေကာတာကြီး ဆောက်မယ်လို့ နိုင်ငံရေး ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်တယ်။ သူတို့လုပ်တဲ့ ဆန်းစစ်ချက်ဆိုတာက ဘယ်နေရာမှာ ဆောက်မလဲဆိုတာ ရွေးချယ်တာလောက်ပဲ ဖြစ်နေတယ်။

ဒါ့အပြင် ရေကာတာကြီးတွေ တည်ဆောက်ပြီးသားရင် ကြုံရမယ့် အခြေအနေတွေ၊ ရေရှည်စရိတ်စကတွေကို လျှော့တွက် ဖယ်ရှားထားကြလေ့ရှိတယ်။ The long-term damages or costs associated with project are simple discounted away.

ရွေးချယ်ရန် နည်းလမ်းများ

သုတေသီတွေက ဧရာမရေကာတာကြီးတွေ လုပ်မယ့်အစား ပြောင်းလွယ်ပြင်လွယ်ဖြစ်မယ့် အခြားသော စွမ်းအင်နည်းလမ်းများ – Agile energy alternatives – ကို စဖို့ တိုက်တွန်းတယ်။ ဥပမာ လေစွမ်းအင်၊ နေစွမ်းအင်၊ ရေအားလျှပ်စစ် အသေးစားတွေ။

ကျုပ်တို့က ၁၉၅၀ လောက်က လုပ်ပုံကိုင်ပုံတွေနဲ့ ပိတ်မိနေကြတယ်။ လွယ်လွယ်ကူကူ စံသတ်မှတ်ပြီး ကွန်တိန်နာထဲ လွယ်လွယ်ထည့်သယ်၊ ရွှေ့ယူသွားလို့ရတာမျိုး ကျုပ်တို့လိုနေတာ လို့ သုတေသီ အန်ဇာက ပြောပါတယ်။

လက်ရှိနိုင်ငံတကာ ရေကာတာလုပ်ငန်း ကြီးထွားလာမှုကတော့ ဒီမှတ်ချက်၊ တွေ့ရှိချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ တရုတ်၊ ဘရာဇီး၊ အိန္ဒိယ ဆောက်လုပ်ရေး ကုမ္ပဏီတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ရာချီတဲ့ဆည်ကြီးတွေ ဆောက်ဖို့ ပြင်နေတယ်။ ကမ္ဘာ့ဘဏ်ကလည်း ရေကာတာတွေ ထောက်ပံ့ဖို့ ဗျူဟာကို ပြန်အသက်သွင်းလာပါတယ်။

ကြည့်လိုက်ရင် ဆွဲဆောင်မှုရှိ၊ အံ့မခန်းဖြစ်စေမယ့် အကြီးကြီးတွေ ဆောက်ဖို့ပေါ့။ ဒါပေမယ့် နောက်မျိုးဆက်တွေ သတိပြုမိကြမှာက ဒါကြီးတွေဟာ ပြောထားသလို အကျိုးမများတဲ့၊ ကြမ်းတမ်းတဲ့၊ စက်မှုခေတ်ရဲ့ ရုပ်ကြွင်းတွေဆိုတာပါ။

စိုးရိမ်စရာ အနာဂတ်

ရေကာတာ စီမံကိန်းကြီးတွေရဲ့ အကြံပေးအဖြစ် ကြိမ်ဖန်များစွာ လုပ်ခဲ့တဲ့ မစ္စတာ စကပ်ဒါဟာ ရေတာကာကြီးတွေက ဆင်းရဲမှု သက်သာစေမယ်ဆိုတဲ့ မျှော်လင့်ချက်ကို သူ့လုပ်သက် ၅၈ နှစ်ကျော် ဆုပ်ကိုင်ထားခဲ့တာပါ။ သေသေချာချာသာ စီမံခန့်ခွဲရင် ဆည်ကြီးတွေရဲ့ အကျိုးက သူ့ကြောင့်ဖြစ်ရတဲ့ လူမှုဝန်းကျင် သဘာဝဝန်းကျင် ကုန်ကျစရိတ်တွေထက် ပိုမယ်လို့ ယူဆခဲ့တာပါ။

ယခုအခါ အသက် ၈၄ နှစ်မှာတော့ ရေကာတာကြီးတွေအတွက် ပေးရတဲ့ စရိတ်စကနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်ပြန်မရဘူးလို့ ကောက်ချက်ချပါတယ်။ ဒါအပြင် လက်ရှိတည်ဆောက်နေတဲ့ ဆည်ကြီးတွေဟာ သဘာဝဝန်းကျင်နဲ့ လူမှုစီးပွား ဘေးဒုက္ခတွေကို ဖြစ်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။

မောင်မြင့်ဇော် (သို့) ဒေါက်တာမြင့်ဇော်၏ ခေတ်သစ်တရုတ်ပြည်နှင့် ဖွံ့ဖြိုးရေးတံလျှပ်များစာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။