သတင်းအချက်အလက်များ

အယူအမြင်ထောင်ချောက် | မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအင်အားစုများ၏ ချုပ်ကိုင်လမ်းကြောင်းမှုနှင့် လွတ်မြောက်နိုင်မည့် နည်းလမ်းများ

အယူအမြင်ထောင်ချောက် | မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအင်အားစုများ၏ ချုပ်ကိုင်လမ်းကြောင်းမှုနှင့် လွတ်မြောက်နိုင်မည့် နည်းလမ်းများ ဧပြီ 4, 2019

မြန်မာနိုင်ငံသည် ထုံးတမ်းစဉ်လာ ဖွံ့ဖြိုးရေး ပါရာဒိုင်းတစ်ခု၏ ထောင်ချောက်များကို ရှောင်ရှားသွားနိုင်မည့် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်ခုပေါ်တွင် လျှောက်လှမ်းရန် ဖြစ်နိုင်ပါသလား။ အဆိုပါလမ်းကြောင်းသည် ဖြစ်နိုင်ခြေရှိရုံမျှမက မဖြစ်မနေ လျှောက်လှမ်းရန် လိုအပ်သော လမ်းကြောင်း ဖြစ်သည်ကို ဤအစီရင်ခံတွင် အဆိုပြုဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။

ဤအစီရင်ခံစာတွင် အခြားရွေးချယ်စရာ ပါရာဒိုင်းတစ်ခုအကြောင်းကို ရှင်းလင်းတင်ပြခြင်း မပြုမီ မြန်မာနိုင်ငံ၏ အတိတ်ကာလ စီးပွားရေးအကြောင်းနှင့် လက်ရှိပါရာဒိုင်း အောက်မှ မြန်မာ့စီးပွားရေး၏ ဦးတည်ချက်လားရာတို့ကို ဆွေးနွေးတင်ပြထားသည်။ မြေယာနှင့် စိုက်ပျိုးရေးအပိုင်းဖြင့် နိဒါန်းချီထားသော ဤအစီရင်ခံစာတွင် စစ်အုပ်ချုပ်ရေး ကာလအတွင်း စိုက်ပျိုးရေး ပိုလျှံထုတ်ကုန်များကို ဆွဲထုတ်သိမ်းယူခြင်းနှင့် မြေယာ အကြီးအကျယ်သိမ်းယူခြင်းတို့ ပေါင်းစပ်ကာ ဆင်းရဲဒုက္ခများ ပြည့်နှက်နေပြီး တိုးတက်မှု တုံ့ဆိုင်းနေသည့်စိုက်ပျိုးရေးကဏ္ဍတစ်ရပ်အား မည်သို့မည်ပုံဖန်တီးခဲ့သည်ကို ဆွေးနွေးတင်ပြထားသည်။

ထို့နောက် နိုင်ငံတကာ အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (Agriculture Development Strategy (ADS)) သည် မြန်မာနိုင်ငံအား “တန်ဖိုးကွင်းဆက် (Value chain)” ဟူ၍ လှလှပပခေါ်ဝေါ်သုံးနှုန်းထားသော စိုက်ပျိုးရေးနှင့် သဘာဝ သယံဇာတများ အမြတ်ထုတ်ရယူရေး ဒေသတွင်းလုပ်ငန်းစဉ် တစ်ရပ်အတွင်းသို့ထည့်သွင်းကာ “ပြည်သူတို့၏ လက်လွတ်ဆုံးရှုံးရမှုများဖြင့် ဥစ္စာရင်းမြစ် စုမိလာခြင်း” (accumulation by dispossession)” ကိုသာ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြထားသည်။

အတင်းအကျပ်အင်အားသုံး လုပ်ဆောင်ခြင်းနှင့် ဈေးကွက်စနစ်ယန္တယားများတို့ကို ဆိုးဆိုးဝါးဝါး ပေါင်းစပ်လိုက်ခြင်းမှတစ်ဆင့် တောင်သူလယ်သမား မိသားစုများနှင့် တိုင်းရင်းသား လူမျိုးစု လူမှုအသိုက်အဝန်းတို့၏ ပိုင်ဆိုင်မှုများကို ဖယ်ရှားကာ ရယူစုဆောင်းခြင်းကို ဆိုလိုသည်။ ထို့နောက် စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒကို ဆက်လက်ဆွေးနွေးတင်ပြရာတွင် စစ်အစိုးရ၏ စက်မှုထွန်းကားရေး စမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများက အဘယ့်ကြောင့်နှင့် မည်သို့မည်ပုံကျရံှုးခဲ့ရသည်ကို ဦးစွာစိစစ်လေ့လာတင်ပြထားပြီး ဂျပန်အစိုးရက အားပေးမြှင့်တင်နေခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဦးဆောင်သောနှင့် ပို့ကုန်ဦးတည်သော စက်မှုထွန်းကားရေး လုပ်ငန်းစဉ်ကို ဝေဖန်ဆွေးနွေးထားသည်။

ထိုမဟာဗျူဟာ၏ အောက်ဖော်ပြပါ အဓိကမဏ္ဍိုင်များကို အသေးစိတ်စိစစ်လေ့လာ သုံးသပ်ထားခြင်း ဖြစ်သည်။ ဒေသတွင်းချိတ် ဆက်လုပ်ဆောင်မှု ကို မြှင့်တင်ပေးရန် ရည်ရွယ်သော စီးပွားရေးစြင်္ကန့်များ၊ အထူးစီးပွားရေးဇုန်များ (SEZs) နှင့် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ထင်မြင်ယူဆထားသော ကုန်ထုတ်လုပ်မှု ဖြစ်စဉ်အား “အပိုင်းပိုင်း ခွဲခြမ်းလုပ်ကိုင်ခြင်း (Fragmentation)” တို့ ပါဝင်လေသည်။

နောက်တစ်ခန်းတွင် ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ စွမ်းအင် အနာဂတ်နှင့်ပတ်သက်၍ အချေအတင် ဆွေးနွေးထား ပြီး ကျောက်မီးသွေးစွမ်းအင်၊ ရေအားလျှပ်စစ်စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လမ်းကြောင်းတို့၏ ကောင်းကျိုး ဆိုးပြစ်များကို အနီးကပ်လေ့လာတင်ပြထားသည်။

ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်စွမ်းအင် ရွေးချယ်မှုများ အပေါ် စီးပွားရေးကော်ပိုရေးရှင်းများနှင့် အင်စတီးကျူးရှင်းများ၏ အကျိုးစီးပွားများနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားများက တစ်စိတ်တစ်ပိုင်းအနေဖြင့် အားကောင်းပြင်းထန်စွာဖြင့် မည်သို့မည်ပုံ ပါဝင်လွှမ်းမိုးနေသည်ကို ဖော်ပြထားပြီး အဆိုပြုထားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မဟာဗျူဟာ တစ်ရပ်နှင့် ပတ်သက်သည့် ပြဿနာအချို့ကိုလည်း ဆွေးနွေး တင်ပြထားသည်။

စွမ်းအင်မူဝါဒပြီးနောက် ဆက်လက်ဆွေးနွေးထားသည်မှာ ခရိုနီများဟုခေါ်တွင်သော လွှမ်းမိုးမှုအလွန်တရာကြီးမားသော စီးပွားရေးအုပ်စု တစ်စုအကြောင်းပင်ဖြစ်သည်။ စစ်အစိုးရ၏ အခွင့်ထူးခံများဖြစ်လာခဲ့ပြီး မျက်မှောက်ခေတ်မြန်မာ့စီးပွားရေးကိုကြီးစိုးထားသည့် မတူခြားနားသော စီးပွားရေးလုပ်ငန်းစုကြီးများကို အနီးကပ်လေ့လာပြီး သူတို့နှင့်NLD အစိုးရကြားမှ လက်ရှိဆက်ဆံရေးများအကြောင်းကို အနည်းငယ်တို့ထိ ထားသည်။ ထို့နောက် ဂျပန်နှင့် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများ အားပေးထောက်ခံကြသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးဆောင်သော မဟာဗျူဟာအတွင်းမှ ခရိုနီတို့၏ အနာဂတ်အလားအလာကို ဆွေးနွေးတင်ပြထားသည်။

အတိတ်ကာလမှ သိမ်းပိုက်လုယူခဲ့မှုများအတွက် ကြီးကြီးမားမား ပြန်လည်အလျော်ပေးစေခြင်းနှင့် ၎င်းတို့၏ ဥစ္စာဓနမှ ကြီးမားသော အစိတ်အပိုင်းတစ်ရပ်ကို ပြန်လည်ခွဲဝေပေးရန် ဦးတည်သော တင်းကျပ်သည့် အခွန်စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းတို့မပါလျှင် ခရိုနီတို့သည် သူတို့၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ရေး နည်းလမ်းများကို ရပ်တန့်လိမ့်မည် မဟုတ်သည်ဖြစ်ရာ တိုင်းပြည် ၏ စီးပွားရေးအနာဂတ်အား ထိခိုက်ပျက်စီးစေနိုင်ကြောင်းကို ကောက်ချက်ချတင်ပြထားသည်။

နောက်ဆုံးတွင် အခြားရွေးချယ်စရာ ဖွံ့ဖြိုးရေးပါရာဒိုင်း တစ်ခုအတွက် အဆိုပြုချက်တစ်ရပ်ကို ဆွေးနွေးထား၏။ Karl Polanyi ၏ “လူမှုအဖွဲ့အစည်း စနစ်များနှင့် ဆက်စပ်မနေသော ဈေးကွက် (dis-embedded market)” သဘောတရားကို အသုံးပြုကာ အလှူရှင်အဖွဲ့အစည်းတို့ အဆိုပြုခဲ့သော မဟာ ဗျူဟာများအား ဦးဆောင်လမ်းညွှန်နေသည့် နီယိုလစ်ဘရယ် ပါရာဒိုင်း (neo-liberal paradigm) ကို အသေးစိတ် ဝေဖန်တင်ပြထားသည်။

အခြားရွေးချယ်စရာ မဟာဗျူဟာတစ်ရပ် (သို့မဟုတ်) နီယိုလစ်ဘရယ် ခေတ်လွန် ပါရာဒိုင်း (PNP) မှာမူ ဈေးကွက်အား လူမှုအဖွဲ့အစည်းနှင့် ပြန်လည်ဆက်စပ်ပေးပြီး ၎င်းကို ထိန်းချုပ်မောင်းနှင်ပေးမည့် အရေးအကြီးဆုံး စံနှုန်းတန်ဖိုးများဖြင့် လွှမ်းခြုံကာ ထိန်းချုပ်မောင်းနှင်ပေးခြင်း ဖြစ်သည်။ထို့နောက်တွင် ဤစာတမ်းက မြန်မာနိုင်ငံအတွက် စိုက်ပျိုရေးဦးဆောင်သော (PNP) တစ်ခုကို အကြံပြုထောက်ခံထားပြီးထို (PNP) ကို လမ်းညွှန်ပေးမည့် အခြေခံမူများကို တင်ပြထားသည်။

သာတူညီမျှမှုကို ဦးစားပေးခြင်း၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်ခြင်း၊ ပြည်သူနှင့် အနီးဆုံး အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာအပ်ခြင်း (subsidiarity) နှင့် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲရေး နယ်ပယ်များအားလုံးတွင် ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်ချမှတ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ (PNP) အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဤအစီရင်ခံသည် လယ်ယာမြေဆိုင်ရာ တရားမျှတမှု (agrarian justice) ကို ပေးစွမ်းနိုင်မည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းတည်ထောင်ခြင်းနှင့် မြေယာဆိုင်ရာဥပဒေ အချို့ကို ပယ်ဖျက်ခြင်းနှင့် ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းတို့သည် ထိုကဲ့သို့သော ချဉ်းကပ်လုပ်ဆောင်ပုံစနစ်တစ်ရပ် အောင်မြင်နိုင်ရန်အတွက် မရှိမဖြစ်အရေးပါသော ကနဦးလိုအပ်ချက် တစ်ရပ်ဖြစ်သည်ဟု အခိုင်အမာ တင်ပြထားသည်။

ဆက်လက်ပြီး ဤစာတမ်းက ဒေသခံစီးပွားရေး လုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံပိုင်လုပ်ငန်းများ စသည်တို့ ပါဝင်အားပေးနိုင်မည့် စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်မှ ဦးဆောင်သော စက်မှုထွန်းကားရေး လုပ်ငန်းစဉ်တစ်ရပ်ကို အဆိုပြုတင်ပြထား၏။

ထိုလုပ်ငန်းစဉ်များတွင် ဓာတုကင်းစင်သော စိုက်ပျိုးရေးလုပ်ငန်းအတွက် စက်မှုထွက်ကုန် သွင်းအားစုများ၊ အပူပိုင်းဒေသရောဂါများနှင့် နာကျင်ကိုက်ခဲမှု ရောဂါဝေဒနာများ အတွက် ဆေးဝါးထုတ်ကုန်များနှင့် ဗဟိုထိန်းချုပ်မှု မရှိသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လမ်းကြောင်းတစ်ရပ်အတွက် ဆိုလာနှင့် သက်ဆိုင်သော စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းတို့ ပါဝင်သည်။

လူမှုရေးကဏ္ဍအတွက် အလွန်အသုံးဝင်သော ကုန်ထုတ်လုပ်ငန်းများအပေါ် အဓိကအလေးပေးသည့် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများတို့ဖြင့် စက်မှုထွန်းကားရေးကို မြှင့်တင်သော လုပ်ငန်းစဉ်ပင် ဖြစ်လေသည်။

ထို့နောက် အခြားရွေးချယ်စရာ ကုန်သွယ်ရေး မဟာဗျူဟာ တစ်ရပ်၏ အစိတ်အပိုင်းလက္ခဏာရပ်များကို ထင်သာမြင်သာဖြစ်အောင် ဖော်ပြထားပြီး ဆိုလာအခြေခံစွမ်းအင် အခြေခံအဆောက်အအုံတစ်ခုတွင် ပါဝင်ရမည့်အရာများကို ဆွေးနွေး တင်ပြထားသည်။

နိဂုံးချုပ်အနေနှင့် ဤစာတမ်းသည် အခြားရွေးချယ်စရာ (PNP) အတွက် အသေးစိတ်ရှင်းလင်း ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အကြောင်းကို ဆွေးနွေးကာ ထိုလုပ်ငန်းစဉ်ကို လမ်းညွှန်ပေးနိုင်မည့် အခြေခံမူများကို အဆိုပြု တင်ပြထားပေသည်။

Walden Bello

အစီရင်ခံစာ အသေးစိတ် ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ PDF File မှတစ်ဆင့် Download ရယူနိုင်ပါသည်။