လယ်သမားတို့လမ်း
တိုင်းပြည် တစ်ပြည်က လူထုဟာ ကိုယ့်အစားအစာအပေါ်မှာ ကိုယ်က ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်ပါတယ်။
၁။ အကြင်တိုင်းပြည်သည် မိမိအစားအစာ လုံလောက်ရေး (food self-sufficiency) အတွက် အားထုတ်ရမည်။ အဓိပ္ပာယ်မှာ ထိုတိုင်းပြည်က လယ်သမားများသည် မိမိစားသော အစာအများစုကို တိုင်းပြည်တွင်းမှာ ထုတ်လုပ်ရမည်။ ဤအချက်သည် ကော်ပိုရိတ် အယူအဆနှင့်မတူ။ စားရေး သောက်ရေး လုံခြုံမှု (food security) နှင့် စပ်သော ကော်ပိုရိတ် အယူအဆမှာ အကြင်တိုင်းပြည်သည် “အစားအစာတင်သွင်းခြင်း (imports) အားဖြင့် အစားအစာ လိုအပ်ချက်အများစုကို ရနိုင်သည်။” ဟု ဖြစ်၏။
၂။ လူထု (လယ်သမား) ၌၊ အစားအစာ ထုတ်လုပ်ရေး စားသုံးရေးနှင့် စပ်လျဉ်းသောမူများ (patterns) ကို ဆုံးဖြတ်နိုင်ခွင့် ရှိသင့်သည်။ တစ်မယ်တည်း မစိုက်ဘဲ အမျိုးအမယ်စုံလင်ခြင်းကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်သည်။ နိုင်ငံတကာ ကုန်သွယ်ရေး အခြေခံစဉ်းစားမှု၏ လက်အောက်ခံဖြစ်သည်အထိ မလိုက်သင့်။
၃။ အစားအစာ ထုတ်လုပ်ရေး၊ စားသုံးရေးကို လယ်သမားများ၊ စားသုံးသူများအကျိုးရှိခြင်း အခြေခံနှင့် ထိန်းရမည်။ နိုင်ငံတကာ စိုက်ပျိုးစီးပွား အမြတ်အစွန်း အခြေခံနှင့် မကြည့်အပ်။
၄။ အစားအစာ ထုတ်လုပ်ရေးကို နိုင်ငံတကာ ကော်ပိုရေးရှင်းများ လက်ထဲ၌သာရှိသော “ဂလိုဘယ်ကုန်သွယ်ရေးလမ်းကြောင်း global supply chain”ထဲရောက်ရေး အခြေမခံသင့်။ ကော်ပိုရေးရှင်းဟူသမျှသည် အမြတ်ရရေး အခြေခံသာ ရှိ၍ ဖြစ်သည်။
၅။ အစားအစာနှင့် စပ်လျဉ်း၍ ဆုံးဖြတ်နိုင်ခြင်း၌၊ စိုက်ပျိုးခြင်း ထုတ်လုပ်ခြင်းကို ဒေသကိုသာ အခြေခံစဉ်းစား (localization) သင့်ပါသည်။ ရာသီဥတုအတွက် ကောင်း၍ ဖြစ်ပါသည်။ ဒေသအခြေခံ စိုက်ပျိုးထုတ်လုပ်ခြင်းသည် ဂလိုဘယ် ကုန်သွယ်ရေးလမ်း အခြေခံ (global supply chain) စိုက် ပျိုးခြင်းထက် ကာဗွန်ထုတ်လုပ်မှု လျော့နည်းသောကြောင့် ဖြစ်သည်။
၆။ ကုန်သွယ်ရေး ပေါ်လစီသည် ဒီမိုကရက်တစ် ဖြစ်ရမည်။ တောင်သူလယ်သမားများ၏ အဆိုများ စိတ်ကူးများပါဝင်ဖို့ လိုအပ်ပါသည်။
၇။ နိုင်ငံ၏ အစားအစာစနစ်သည် ကျန်းမာရေးနှင့် ညီညွတ်သော၊ အရည်အသွေးကောင်း၍ ဓလေ့ထုံးစံနှင့် လျော်သော အစားအစာများကို ပြည်တွင်း စားသုံးမှုအတွက် ထုတ်ရမည်။ နိုင်ငံတကာအမှိုက်စာကို (internationally standardized or junk food) ရှောင်ရမည်။
၈။ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း၊ မြို့နှင့် တောနှစ်ခုကြား မျှတရေးအားထုတ်ရမည်။ လယ်ယာနှင့် ကျေးလက်သည် စက်မှုလုပ်ငန်းနှင့် မြို့ပြ အီလိအောက် ရောက်ခြင်းကို ပြန်လှန်ရမည်။ တော၌ လူမရှိ၊ မြို့ ကျူးကျော်ရပ်ကွက်များ၌ ကျေးလက်က လူများ ပြည့်နှက်နေသော ရလဒ်မရရှိသင့်။
၉။ မြေသိမ်းယာသိမ်းများ ရပ်၍ မြေရှင်များ နိုင်ငံတကာ ကုမ္ပဏီများလက်၌ လယ်ယာအများ ရောက်မသွားစေရ။ မြေယာပြုပြင်ပြောင်းလဲခြင်းဖြင့် မြေယာခွဲဝေခြင်း မျှတအောင် လုပ်သင့်သည်။ ဘုံပိုင်များလည်း ထားရမည် ဖြစ်၏။
၁၀။ အစာဖြန့်ဖြူးခြင်း၊ စားသုံးခြင်းသည် မျှတသော စျေးနှုန်းအစီအစဉ် (fair pricing schemes) နှင့် ဖြစ်ဖို့ လိုသည်။ ထိုဈေးနှုန်း၌ လယ်သမားများနှင့် စားသုံးသူများ၏ အခွင့်အရေးများ လူမှုဖူလုံရေးတို့ အကျုံးဝင်သည်။ အဓိပ္ပာယ်မှာ၊ နိုင်ငံတကာကုမ္ပဏီကြီးများက၊ “အထောက်အပံ့ရ အသီးအနှံများကို ဈေးချိုချိုနှင့် ဝယ်၍ လာပုံခြင်းအား (dumping) ငြင်းပယ် အဆုံးသတ်ရမည်” ဟု ဆိုလိုသည်။ လယ်သမားငယ်များ ကြွေးတင် လယ်ဆုံးအဖြစ်ကို ကယ်ရန် ဖြစ်သည်။ “နိုင်ငံ၏ အစားအစာ ထုတ်လုပ်ရေးကို ကာကွယ်ပေးရန်၊ နိုင်ငံ သီးနှံအရန် ဖြည့်ထားရန်၊ သီးနှံဈေးထိန်းထားရန်” ဖြစ်သည်။
၁၁။ ဓာတုပစ္စည်းကဲ၊ ဂျီအမ်အို အခြေခံသော စက်မှုလယ်ယာ စိုက်ပျိုးရေးကို အားမပေးသင့်။ မျိုးစေ့များကို ထိန်းချုပ်ထားသော ကော်ပိုရိတ် မောင်ပိုင်စီးမှုကို ကာကွယ်ရန်နှင့် စက်မှုလယ်ယာ (ဝါ) ယခု သမားရိုးကျ စိုက် ပျိုးရေးသည် မြေဆီလွှာအား တာရှည်မခံနိုင်အောင် ပျက်စီးစေ၍ ဖြစ်သည်။
၁၂။ တောင်သူတို့၏ စိုက်နည်း ပျိုးနည်းများ၌လည်း ရှေးနှစ်များစွာကတည်းက ဆက်ခံလာသော ကောင်းကွက်များ ရှိသည်။ လူနှင့်သဘာဝ (biosphere) ညီညွတ်မျှတသည့် အလေ့အထများဟူ၍လည်း သိမှတ်အပ်သည်။ ခေတ်နောက်ကျပြီဟု မပစ်ပယ်ဘဲ ထိုအချက်များသည် စိုက်ပျိုး နည်းပညာ စတင်ရမည့် ပွိုင့်များဟု ယူဆရမည်။
၁၃။ အစားအစာနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ပိုင်ခွင့် (Food Sovereignty) ကို ပြန်လည် ဖြည့်တင်း သန်စွမ်းစေသော စိုက်ပျိုးနည်း (agrotechnology by recycling) ဖြင့်သာ ရနိုင်သည်။ ပြင်ပသွင်းအားစုများ ထည့်သောနည်းဖြင့် မရနိုင်။ မြေဆီလွှာ၏ အော်ဂဲနစ် ပစ္စည်းများ၊ မြေဆီလွှာ၏ ဇီဝဓာတ်ကို မြှင့်ခြင်း၊ အပင်မျိုးကွဲများ လယ်ယာဂေဟစနစ်ရှိ မျိုးဗီဇ အရင်းအမြစ်များ အမယ်များအောင် လုပ်ခြင်း၊ သီးနှံနှင့် ကျွဲနွား ပေါင်းစပ်မွေးခြင်းတို့ဖြင့်သာ လယ်သမားများသည် အစားအစာနှင့် စပ်လျဉ်း၍ မိမိက ဆုံးဖြတ်နိုင်သော အခြေအနေသို့ ရောက်ရှိမည်။ တစ်မယ်ကောင်း စိုက်၍မရ။ လယ်ယာစနစ်ကြီးသည် အပြန်အလှန် အတုံ့အပြန်လျက် ရှင်သန်ခြင်း ဖြစ် ၏။
ကိုဗစ်ကြောင့် ဂလိုဘယ် အစားအစာစနစ်ကို ပြန်လည်တည်ဆောက်ဖို့ သင်ခန်းစာများ ရလောက်ပြီဟု ဆိုသူတို့က ဆိုကြသည်။ ဆိုရေးရှိ၍ ဆိုကြသည်။ ဂလိုဘယ် အစာစနစ် (global food supply chain) သည် ကျိုးကြောင်း မဆီလျော်ဟု မကြာခဏ ကြားဖူးသည်။ အီလိများမှာတော့ ပါရာဒိုင်း ထောက်ချောက်၌ ကျတတ်သည်။
မြန်မာကို ဂလိုဘယ်အစာစနစ်ထဲသို့ ရောက်ရန်လိုသည်ဟု တွက်၍ FAO နှင့် ADB ပူးပေါင်းကာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာ (Agriculture Development Strategy – ADS) ဟူ၍ ၂၀၁၁ ခုနှစ် နောက်ပိုင်း၌ လုပ်ကြသည်။ လယ်သမားများ စိုက်ပျိုးရေး လုပ်ငန်းများ (agro-enterprises) ကို တန်ဖိုး မြှင့်တင်ပေးကာ နိုင်ငံတကာ ဈေးကွက်ဝင်ရောက်နိုင်ရန် ဟူ၏။ “ကမ္ဘာ့ဘဏ်အကြိုက် ပြည်သူ့ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း (Public Private Partnership) နည်း — ထိုနည်းသည် ပုဂ္ဂလိကကဏ္ဍနှင့်၊ လယ်သမားတို့၏ အစွမ်းနှင့် ထီထွင်ဖန်တီးစွမ်း ပေါင်းစပ်ခြင်း။ အစိုးရကတော့ ဖြစ်မြောက်ရေး အားပေးကူညီသူ ဖြစ်၏။”
မြန်မာ့စိုက်ပျိုးရေးကို တိုးတက်ထိရောက်လာရန် နိုင်ငံခြားစိုက်ပျိုးရေးကုမ္ပဏီများ ပါဝင်ဖို့လိုအပ်သည်ဟု ADS က ယူဆရာ နိုင်ငံတကာ ကုမ္ပဏီများသို့ ADS က အောက်ပါအတိုင်း ကြေညာသည်။
The ADS will protect intellectual property rights for the agricultural and food sector. Key measures include the Plant Variety Protection Law consistent with the International Union for the Protection of New Varieties of Plants (UPOV); the Trademark Law and implementing regulations to enable protection got geographical indicators (GI) and trademarks for agricultural/food products; and IPR protection against counterfeit agricultural inputs, especially for pesticides, including stronger border control measures to reduce the import of counterfeit products.
(အကြမ်းဖျင်းဘာသာပြန်)
“ADS သည် လယ်ယာနှင့် အစာကဏ္ဍ အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်များကို အကာအကွယ် ပေးမည်။ အပင် အမျိုးအစားများ ကာကွယ်ရေး (Plant Variety Protection Law)။ စိုက်ပျိုးရေးနှင့် အစားအစာ ကုန်များအတွက် ကုန်ပစ္စည်းအမည် မှတ်ပုံတင်ရေး၊ စိုက်ပျိုးရေးအတွက် သွင်းအားစုများ ဥပမာ ပိုးသတ်ဆေး အတုမလုပ်ရန် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်သုံးမည်။”
တောင်သူသည် သူကြိုက်သောမျိုး မစိုက်နိုင်။ သူကြိုက်သော ပိုးသတ်ဆေး မသုံးနိုင်ဟူသော အဓိပ္ပာယ် ရပါသည်။ အိန္ဒိယ၌ တောင်သူက သူ့ငွေနှင့် သူမျိုးဝယ်စိုက်၍၊ တခြားက ပိုးသတ်ဆေး ဝယ်သုံး၍ တောင်သူကို တရားစွဲသော တရားတဘောင်များ ဖြစ်နေသည်။ မျိုးစေ့ကုမ္ပဏီနှင့် ပိုးသတ်ဆေး ကုမ္ပဏီက တောင်သူကို တရားစွဲကြသည်။ နိုင်ငံတကာ ကုမ္ပဏီများ ဝင်လာရန်ဟူ၍ တောင်သူတို့၏ လွတ်လပ်မှုကို ဘေးဖယ်မလား။ မျိုးစေ့ ကုမ္ပဏီကြီးများ ပိုးသတ်ဆေး ကုမ္ပဏီကြီးများ (တကယ်တော့ မျိုးစေ့ နှင့် ပိုးသတ်ဆေး ကုမ္ပဏီများသည် ကုမ္ပဏီတစ်ခုတည်း ဖြစ်လေ့ရှိသည်) လက် အောက်သို့တောင် သူ ရောက်သွားခြင်းဟု ယူရမည်။
Value chains are organized systems of linkages aimed at increasing value and competitiveness. Smallholder farmers can benefit from value chain by engaging into productive partnerships with agro-enterprises. These partnerships usually require effective farmer organizations able to mobilize large numbers of farmers and protect their interest. Farmers and their leaders will need to build their capacity in organizing, planning, accounting, negotiating, and marketing. In order to gain competitiveness in agrifood value chain, farmers, private sector, and government have to form strategic alliances aimed at integrating the efforts towards the solution of bottlenecks at different stages in the value chain.
(အကြမ်းဖျင်းဘာသာပြန်)
“တောင်သူငယ်များနှင့် လယ်ယာစီးပွား ကုမ္ပဏီများပေါင်း၍ ဆောင်ရွက်ကြသည်ဆိုရာ၌ တောင်သူငယ်များသည် တန်းတူ နေရာရနိုင်ပါသလား။ တောင်သူများနှင့် တောင်သူခေါင်းဆောင်တို့၌ အရည်အချင်းများ တိုးတက်ဖို့ လိုအပ်သည်။ စည်းရုံးခြင်း၊ စီမံကိန်းချခြင်း၊ စာရင်းအင်းတတ်ခြင်း၊ စေ့စပ်ဆွေးနွေးနိုင်ခြင်း၊ ရောင်းချခြင်း အရည်အချင်းများ လိုသည်။ သို့မှသာ စိုက်ပျိုးရေး တန်ဖိုးမြှင့်ကွင်းဆက် (value chain) ၌ ပြိုင်ဆိုင်နိုင်စွမ်း ရမည်။
ဂလိုဘယ်ဈေးကွက်ဟူသော ပြင်းထန်သည့် ပြိုင်ဆိုင်မှုကြီး၌၊ ငွေလုံးငွေရင်းနှင့် ပြည်တွင်းက စီးပွားရေးသမားများ၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများသာ နေရာရဖို့ ရှိပါသည်။ တောင်သူငယ်များကား ပါတနာ ငယ်များထက် မပိုနိုင်ပါ။ ADS သည် လယ်သမားငယ်များ၏ အကျိုး စီးပွားအတွက် ဟူသော စကားလှ သုံးပါသည်။
အရင်းအနှီးကြီးများ လွှမ်းမိုးထားသော ကုန်ပစ္စည်းမြှင့် ကွင်းဆက် (commodity value chain) ၌ တကယ်ဖြစ်လာမည်မှာ လယ်သမား အများစုကြီးသည် လယ်မဲ့ယာမဲ့ လယ်ကူလီများ ဖြစ်ဖို့သာ ရှိပါသည်။ ယခု ပင်လယ်ယာလုပ်ငန်းအလုပ်တွင် လယ်ကူလီသည် ၃၀-၅၀ ရာခိုင်နှုန်း ရှိ နေပါပြီ။ ပြည်တွင်းပြည်ပ စိုက်ပျိုးရေး ကုမ္ပဏီများပိုင် မြေယာများ (plantations) တွင် လုပ်ကိုင်နေကြရသည်။ ADS အရဆိုလျှင် လယ်သမားငယ်များ ရရှိထားသော အောင်မြင်မှုများ (ဥပမာ – ပဲအမျိုးမျိုး စိုက် ပျိုး တင်ပို့ခြင်း) ပင်လျှင် နိုင်ငံတကာ ကုမ္ပဏီများသို့ ဆုံးရှုံးဖွယ် ရှိသည်။
တိုင်းပြည်ရဲ့ ၇၀ ရာခိုင်နှုန်းသော လယ်သမားငယ်များကို ပို၍ ကြည့်ရှုပေးဖို့ပါပဲ။ ဂလိုဘယ် ကုန်သွယ်ရေးလမ်းကြောင်း ရောက်သင့်သည် ဟူသည်မှာ အဘယ်နည်း။
အစားအစာနှင့် စပ်၍ ဆုံးဖြတ်နိုင် (Food Sovereignty) ဖို့ အတွက် ဖော်ပြခဲ့တဲ့ အချက်တွေကို စေ့စေ့ ဆင်ခြင်ကြည့်ကြပါ ခင်ဗျာ။ လယ်သမားရဲ့ လမ်း (the peasant way) တဲ့။ ကမ္ဘာကြီးအတွက် အကောင်းဆုံးလမ်းပဲရယ်လို့ ဆိုကြပါတယ်။
မောင်မြတ်ထင်