သတင်းအချက်အလက်များ

မြန်မာနိုင်ငံအတွင်း စားသုံးကုန်များနှင့် ကုန်စည်များဝယ်ယူရာတွင် ကြုံတွေ့နေရသည့် စားသုံးသူအခွင့်အရေးဆိုင်ရာ ပြဿနာများ

မြန်မာနိုင်ငံအတွင်း စားသုံးကုန်များနှင့် ကုန်စည်များဝယ်ယူရာတွင် ကြုံတွေ့နေရသည့် စားသုံးသူအခွင့်အရေးဆိုင်ရာ ပြဿနာများ မတ် 23, 2019

မြို့ပြနေ လူအများစုသည် အစားအစာနဲ့ လူသုံးကုန်ပစ္စည်းများကို ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်မှတစ်ဆင့် အများဆုံး ဝယ်ယူအသုံးပြုကြလေ့ရှိပြီး ကုန်တိုက်နဲ့ ကုန်စုံဆိုင်များက ဝယ်သူများလည်း ရှိကြပါတယ်။

ဈေးကွက်အတွင်း စားသုံးရန် မသင့်ဟု ထုတ်ပြန်ထားတဲ့ ကုန်စည်အမြောက်အမြား တွေ့မြင်နေရပေမယ့်လည်း စားသုံးသူများအနေနဲ့ စိတ်ချရတဲ့ ကုန်စည်ကို လက်လှမ်းမီနိုင်မှု အလွန်နည်းပါးနေပါတယ်။

အရောင်ဆိုးဆေး၊ ယင်မနားဆေး၊ မှည့်ဆေး အစရှိတဲ့ ဓာတုဗေဒဆေးဝါးများ အသုံးပြုထားတဲ့ စားသောက်ကုန်များကို အလွယ်တကူ ရရှိနေပါတယ်။ ထိုကုန်စည်များကို တားမြစ်ပိတ်ပင်ခြင်း၊ ပိတ်သိမ်းဖျက်ဆီးခြင်း ပြုလုပ်မှု အားနည်းနေပြီး ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေခြင်းက စားသုံးသူများအတွက် တွေဝေခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ နစ်နာခြင်းများစွာ ကြုံတွေ့စေပါတယ်။

ဈေးသည်များကိုယ်တိုင်လည်း ဓာတုဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများနဲ့ ဥပဒေကို သိရှိမှု အားနည်းခြင်းက ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ခက်ခဲစေတဲ့ စိန်ခေါ်မှု တစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။

စားသောက်ကုန်များမှာ ထည့်သွင်း အသုံးပြုထားတဲ့ ပါဝင်ပစ္စည်း၊ သုံးစွဲရန် အညွှန်းနဲ့ သက်တမ်းများကို ရှင်းလင်းအောင် ရေးသားဖော်ပြမှု မရှိခြင်း၊ မိခင်ဘာသာစကားနဲ့ မရေးသားခြင်းအပြင် စားသုံးသူအများစုကလည်း ဖတ်ရှုဆန်းစစ်ရမှန်းမသိနေခြင်းက စိုးရိမ်ဖွယ် ဖြစ်ပါတယ်။

ဈေးကွက်အတွင်းရှိ ဆေးဝါးနဲ့ စားသောက်ကုန်များအနက် အတုအပများစွာ ပါဝင်နေခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများသည် တရားဝင် ထုတ်လုပ်ရောင်းချခွင့်၊ တင်သွင်းရောင်းချခွင့် ရှိသော ကုန်ပစ္စည်း ဟုတ်၊ မဟုတ်ကို သတ်မှတ်နိုင်မည့် နည်းလမ်းကို စားသုံးသူများက မသိရှိကြပါ။ အရည်အသွေးပြည့်မီသော ကုန်စည်များသည် ဈေးကွက်အတွင်း ရှားပါးခြင်းနဲ့ သာမန်လူထုလက်လှမ်းမမီနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေပါတယ်။

ထို့ကြောင့် စားသုံးသူများအနေနဲ့ ငွေကြေးဆုံးရှုံးခြင်း၊ မလိုလားအပ်သော ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်ခြင်းတို့အပြင် လူမှုရေးထိခိုက်နစ်နာမှုများပါ ကြုံတွေ့နေကြရပါတယ်။

နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများအနေနဲ့ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တစ်နိုင်ငံလုံးတွင် အခြေခံကုန်စည်နှင့် ဝန်ဆောင်မှုများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် သတ်မှတ်ထိန်းကျောင်းပေးရန်၊ ကုန်အမှတ်တံဆိပ်၊ အညွှန်းနှင့် အမှတ်အသားများ၊ ပါဝင်ပစ္စည်းများဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာဖော်ပြလာအောင် ထိန်းကျောင်းတည့်မတ်ပေးရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Credit to – Gaia Sustainable Management Institute (GSMI) မှ ပြုစုသော “စားသုံးသူဆိုင်ရာ အသိပညာနှင့် အခွင့်အရေး ဆန်းစစ်ချက်” စာတမ်းမှ အချက်အလက်များအား ထုတ်နုတ်ကိုးကားပါသည်။