သတင်းအချက်အလက်များ

ဘေးဖယ်ထုတ်ထားပြီး အရေးမပါသူများကဲ့သို့ ဆက်ဆံခြင်း ‘marginalised’ ဖြစ်ခြင်းကို မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သနည်း

ဘေးဖယ်ထုတ်ထားပြီး အရေးမပါသူများကဲ့သို့ ဆက်ဆံခြင်း ‘marginalised’ ဖြစ်ခြင်းကို မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သနည်း မတ် 22, 2019

အခွင့်အရေးများ၊ အရင်းအမြစ်များကိုရရှိနိုင်ခွင့်များတွင် သူငါခွဲခြားဆက်ဆံခံရပြီး မညီမျှမှုများရှိတတ်ကြောင်း သတိပြုမိပါသည်။ တစ်ကမ္ဘာလုံးတွင် အောက်ဖော်ပြပါ လူအမျိုးအစားများလည်း ရှိနေတတ်ကြသည်။

  • မိမိတို့ဘဝနှင့်စပ်ဆိုင်နေသော အဆုံးအဖြတ်များတွင် မိမိပါဝင်ခွင့် မရှိကြသူများ (ကျေးရွာအဆင့်မှသည် နိုင်ငံတော်အဆင့်အထိ)
  • ကျန်းမာရေး၊ ပညာရေး၊ ဥပဒေကြောင်းအရ တရားမျှတမှု အစရှိသည်တို့တွင် အကျိုးခံစားခွင့် မရနေကြသူများ
  • တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော ရေမြေတောတောင်၊ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ကျောက်မျက်နှင့် သစ် အစရှိသည့် သယံဇာတများမှ ရရှိသော အကျိုးကျေးဇူးများကို ခံစားပိုင်ခွင့် မရှိသူများ သို့မဟုတ် ထိုသယံဇာတများနှင့် မသက်ဆိုင်သလို ဖယ်ထုတ်ခံထားရခြင်းကိုရင်ဆိုင်နေရသူများ
  • ခွဲခြားဆက်ဆံခံနေရသူများ၊ အသရေဖျက်နှိမ့်ချခံနေရသူများ

လူ့အဖွဲ့အစည်းတွင် အထက်ပါအုပ်စုဝင် လူအများအား အခြားသူများလောက် တန်ဖိုးမရှိ သို့မဟုတ် ထိုသူတို့ကို ထည့်စဉ်းစားရန်ပင် မထိုက်တန်ဟု ထင်မြင်ယူဆလေ့ ရှိကြသည်။

ဆိုးဆိုးရွားရွားဖြစ်တတ်သည်ကမူ ထိုသူတို့ကို လူပင်မဟုတ်ဟု သဘောထားမျိုး ရှိခြင်း ဖြစ်သည်။ လူမဟုတ်ဟု ထင်ခြင်း၏ အကျိုးဆက်မှာ ထိုသူတို့၏ အခွင့်အရေးများ၊ ထိုသူတို့၏ လိုအပ်ချက်များကို လစ်လျူရှုကြခြင်း သို့မဟုတ် ချိုးဖောက်ကြခြင်းများ ဖြစ်လာစေနိုင်သည့်အပြင် လူ့အဖွဲ့အစည်းတွင်လည်း ထိုသူတို့အား အခြားသူများနှင့် တန်းတူရည်တူ ဖြစ်သည်ဟု စဉ်းစားပေးရန်ပင် မထိုက်တန်ဟု ရှုမြင်လာခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို ဘေးဖယ်ထုတ်ပြီး အရေးမပါသူများကဲ့သို့ ဆက်ဆံကြခြင်း ‘marginalisation’ ဟု ခေါ်ဆိုပါသည်။ လူတို့ကို ထိုကဲ့သို့ ဘေးဖယ်ထားကာ မတန်သလိုဆက်ဆံခြင်းမှာ အောက်ပါအချက်များကို အခြေခံပြီး ဖြစ်ပေါ်လာကြသည်ကို ပေါင်းကူး၏ လုပ်ငန်းအတွေ့အကြုံအရ သိရသည်။

  • ယောက်ျားဆန်ခြင်း၊ မိန်းမဆန်ခြင်းစံနှုန်းများ
  • တစ်စုံတစ်ယောက် သဘောဆန္ဒအလျောက်လက်ခံထားသော လိင်ရွေးချယ်မှု၊ လိင်နှင့်ပတ်သက်သော အမူအကျင့်များ
  • အဆင့်အတန်း သို့မဟုတ် လူမှုစီးပွားရေး ပေတံများ
  • ဘာသာရေး
  • လူမျိူး
  • အသက်
  • ခန္ဓာကိုယ်၏ လှုပ်ရှားဆောင်ရွက်နိုင်စွမ်း

လူအချို့ကို ဘေးဖယ်ကာ မတန်မရာဆက်ဆံခြင်း ဖြစ်ပေါ်လာရန် ရှုပ်ထွေးလှသော အကြောင်းရင်းခံများစွာ ရှိနိုင်ပါသည်။ လူတစ်ဦးချင်းစီတွင်ဖြစ်စေ လူ့အဖွဲ့အစည်းအချို့တွင်ဖြစ်စေ အချို့သော သူများအား ရှုမြင်ရာတွင် အထင်ဖြင့် ကောက်ချက်ဆွဲနေခြင်းများ၊ တစ်ဖက်လူအကြောင်းကို စေ့စေ့ငုငု မသိဘဲ စိတ်အခုအခံ အစွဲများဖြင့် အကဲဖြတ်နေခြင်းများက ထိုရှုပ်ထွေးသော အကြောင်းရင်းခံများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ဥပမာ – လိင်လုပ်သားများ (ပြည့်တန်ဆာများ) အားလုံးသည် လိင်စိတ်မွှန်နေသူများ ဖြစ်ကြသည်ဟူသော အထင်များရှိနေခြင်း၊ သူတို့အားလုံးတွင် HIV ပိုး ရှိနေသည်ဟု စွဲထင်နေခြင်းတို့ ဖြစ်ကြသည်။

အမှန်တကယ်တွင် တွေ့ရတတ်သည်က ထိုလိင်လုပ်သားများသည် မိမိတို့မိသားစုကို ထောက်ပံ့နိုင်ရန် အခြားရွေးချယ်စရာ နည်းလမ်း နည်းလွန်းသည့်အတွက်ကြောင့် လိင်အပျော်အပါးကို ရောင်းစားနေရသူ
များ ဖြစ်နေကြခြင်းပင် ဖြစ်သည်။ (ဗုဒ္ဓဘာသာဝင်တို့ကမူ ထိုသို့ လိင်ပျော်ပါးခြင်းကို ကာမေသုမိစ္ဆာစာရကံ ချိုးဖောက်သည်ဟု ရှုမြင်ပြီး ပျော်ပါးပါက ငါးပါးသီလထဲမှာ တတိယမြောက် သီလဖြစ်သော သီလတစ်ပါးကျိူးသည်။ ခရစ်ယာန်ယုံကြည်မှုအရမူ ထိုအလုပ်မှာ သမ္မာကျမ်းမြတ်ကို မလေးမမြတ်ပြုရာရောက်သည်။ သို့ရာတွင် ဗုဒ္ဓဘုရားရှင်ကရော ယေရှုသခင်ကပါ ပြည့်တန်ဆာများကို တပည့်သာဝကများအဖြစ် လက်ခံခဲ့ကြသည်။ ထို့ပြင် ကိုးကွယ်ယုံကြည်ရာ ဘာသာအသီးသီးတို့သည် လူတို့ကို မိမိတို့၏ ကိုယ်ပိုင် လုပ်ရပ်များမှ ကုသိုလ်၊ အကုသိုလ်ကို ဆန်းစစ်မေးခွန်းထုတ်ရန် သင်ကြားသည်။ လူအားလုံးကို မေတ္တာတရားနှင့် တုံ့ပြန်ရန်၊ လေးစားစွာဆက်ဆံရန် လမ်းညွှန်သည်။)

လူအချို့ကို ဘေးဖယ်ကာ အရေးမပါသကဲ့သို့ ဆက်ဆံနေကြသော အဖြစ်မျိုးကို ပေါ်ပေါက်စေသည့် အကြောင်းရင်းများတွင် လူမှုစနစ်များလည်း ပါဝင်နေလေ့ ရှိသည်။
ဥပမာအားဖြင့် –

    • ကိုယ်အင်္ဂါ၊ ဉာဏ်ရည်မပြည့်စုံသော ကလေးများ သင်ယူနိုင်ရေး အဆင်ပြေအောင် ဖန်တီးပေးထားသော ပညာရေးစနစ် မရှိခြင်း၊ သို့မဟုတ် ကျောင်းစာအုပ်၊ ကျောင်းဝတ်စုံ မတတ်နိုင်သော မိသားစုများမှ ကလေးများအတွက် အထူးအထောက်အပံ့များ မရှိခြင်း
    • ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ဆင်းရဲသော၊ စာမတတ်သော သူများအား
      ခွဲခြားဆက်ဆံသောမူများ ရှိခြင်း၊ သို့မဟုတ် မည့်သည့် အလုပ်ကို လုပ်ကိုင်သူ
      ဖြစ်သောကြောင့်၊ မည်ကဲ့သို့သော ဘဝကလာသောကြောင့် အစရှိသည့်
      အကြောင်းပြချက်များအပေါ် အခြေခံပြီး ခွဲခြားကာ ကျန်းမာရေး စောင့်ရှောက်မှု မပေးခြင်း
    • အလုပ်အကိုင် ရရှိစေရေး မူဝါဒများတွင် အချို့သော တိုင်းရင်းသားအုပ်စုများ၊ အချို့သော ဘာသာဝင်များကို ဘေးဖယ်ကာ ခွဲခြားဆက်ဆံခြင်း၊ အမျိုးသမီးတစ်ဦးမှာ ရာထူးတာဝန်တစ်ခုတွင် လုပ်ဖော်ကိုင်ဖက်အဆင့်တူ အမျိုးသားကဲ့သို့ပင် တန်းတူစွမ်းဆောင်နိုင်သည့်တိုင်အောင် လခလျှော့ပေးခံရခြင်း
    • ငွေကြေးပိုင်ဆိုင်မှု၊ မျိုးနွယ်၊ ကိုးကွယ်ယုံကြည်ရာဘာသာ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်မှု၊ ဖြစ်တည်သော လိင်နှင့် အခြားသော အချင်းအရာများအပေါ် မူတည်ပြီး ဥပဒေရေးရာစနစ်များက လူတို့ကို ခွဲခြားဆက်ဆံခြင်း
    အရေးကြီးသော မေးခွန်းများ
    • သင်၏ဘဝတွင် ဘေးဖယ်ခံထားရပြီး အလေးဂရုစိုက်ခြင်းကို မရသော သူများမြင်ခဲ့ဖူးပါသလား။ မည်ကဲ့သို့သော အဖြစ်မျိုးတွေ့မြင်ခဲ့ရဖူးပါသနည်း။
    • တစ်နိုင်ငံလုံးကို ခြုံငုံစဉ်းစားကြည့်လျှင်လည်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို မြင်ခဲ့ဖူးပါသလား။ မည်သည့်အခွင့်အရေးများနှင့် အရင်းအမြစ်များကို သင်ကရရှိနေပြီး အခြားသူတို့က မရဘဲ ဖြစ်နေရသနည်း။ အဘယ့်ကြောင့်နည်း။
  •  ပေါင်းကူး – မတူကွဲပြားမှုများကို ဆက်စပ်ခြင်း (Bridging Divides) မှ ထုတ်နုတ်ဖော်ပြသည်။