သတင်းအချက်အလက်များ

ချို့ယွင်းမှုနှင့် မသန်စွမ်းမှုဆိုင်ရာ သဘောတရား

ချို့ယွင်းမှုနှင့် မသန်စွမ်းမှုဆိုင်ရာ သဘောတရား စက်တင်ဘာ 23, 2016

ဒီနေ့ခေတ် ကျွန်ုပ်တို့ လူ့ဘောင် အဖွဲ့အစည်း အတွင်းမှာ ချို့ယွင်းမှုနှင့် မသန်စွမ်းမှုကို မြင်တဲ့အမြင်များဟာ ယခုတိုင် မရှင်းလင်းဘဲ ရောထွေးနေ တုန်းပါပဲ။ တကယ်တော့ ချို့ယွင်းမှုနှင့် မသန်စွမ်းမှုဟာ တစ်ခြားစီ ဖြစ်ပါတယ်။

လူတွေက ကိုယ်အင်္ဂါပဲ ဖြစ်ဖြစ်၊ ဉာဏ်ရည်ပဲ ဖြစ်ဖြစ်၊ အမြင်အာရုံ ချို့ယွင်းတာပဲ ဖြစ်ဖြစ်၊ အကြားအာရုံ ချို့ယွင်းတာပဲ ဖြစ်ဖြစ် ချို့ယွင်းမှု တစ်ခုခုကို မြင်တာနဲ့ မသန်စွမ်းသူလို့ သတ်မှတ်လိုက်ရောပေါ့။
ဒါမျိုးဟာ မသန်စွမ်းမှု အမြင်သစ် (Social Model of Disability) ရှုထောင့်အရ ပြောရရင် လုံး၀ မှားပါတယ်။ ချို့ယွင်းမှုနှင့် မသန်စွမ်းမှုဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်ပါတယ်။

ဒီတော့ ချို့ယွင်းမှု ဆိုတာဘာလဲ … ၊ မသန်စွမ်းမှုဆိုတာဘာလဲ … ဆိုတာကို မိတ်ဆက်ပေးလိုပါတယ်။
အဲဒီ သဘောတရား (Concept) က မြန်မာပြည်အတွက်တော့ အစိမ်းသက်သက်ကြီး ဖြစ်နေသေးတုန်းပါပဲ။

ချို့ယွင်းမှုဆိုတာ တကယ်တော့ လူတစ်ယောက်ရဲ့ ပုံစံအနေအထား တစ်ခု၊ (Identity) တစ်ခုပါပဲ။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေ (Identity) ကွဲသလို၊ ချို့ယွင်းချက် ရှိသူနဲ့ ချို့ယွင်းချက် မရှိသူတို့ (Identity) ကွဲပြားကြပါတယ်။

အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ သဘာဝကပေးတဲ့ (Identity) မတူညီကြပါဘဲ တစ်မျိုးစီ ခြားနားနေပါတယ်။ စာဖတ်သူရဲ့ မျက်စိထဲ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို မြင်ယောင် ကြည့်မယ်ဆိုရင် ဒီကိစ္စ ရှင်းလင်းနိုင်ပါတယ်။ ဒီအုပ်စုနှစ်စုရဲ့ ပုံစံအနေအထား (Identity) မတူညီတာကို တွေ့ရမှာပါ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေ၊ သွားလာလှုပ်ရှားမှု ပုံစံတွေ၊ နေထိုင်ပြုမူပုံတွေ၊ လိုအပ်ချက်တွေက မတူကွဲပြားကြပါတယ်။

အဲဒီလို မတူတာက သဘာဝပဲ … ။ ချို့ယွင်းမှု ရှိသူနဲ့ ချို့ယွင်းမှု မရှိသူတို့ရဲ့ (Identity) ကွဲပြားမှုကလည်း အဲဒီ သဘောပါပဲ။ သဘာဝအရ ပုံစံအနေအထား ကွဲပြားတာပဲ ရှိပါတယ်။ အဆန်းတကျယ်တော့ မဟုတ်လှပေဘူးပေါ့ … ။ ဒါကလည်း သဘာဝအရလို့ ဆိုခဲ့ပြီ … ။

ဒီလိုပါပဲ တရုတ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုးတွေ (Identity) မတူကြပါဘူး။ အနောက်ပိုင်းက ဥရောပတိုက်သားတွေနဲ့ အရှေ့ပိုင်း အာရှတိုက်သားတွေရဲ့ (Identity) တွေ မတူညီကြသလိုပေါ့။
တိရိစ္ဆာန်တွေမှာလည်း တစ်မျိုးနဲ့ တစ်မျိုး (Identity) မတူကြပါဘူး။ ကိုယ့် (Identity) နဲ့ ကိုယ် ရပ်တည်ကြပါတယ်။

ချို့ယွင်းမှုဆိုတဲ့ (Identity) ရှိတဲ့ လူတစ်ယောက်ဟာလည်း သူ့ပုံနဲ့သူ ရပ်တည်နေတာပါပဲ။
အဲဒီတော့ချို့ယွင်းမှု ရှိတဲ့ Identity က လူတစ်ယောက်ကို မသန်စွမ်းသူတစ် ဦး မဖြစ်စေပါဘူး။
မသန်စွန်းမှုကို (Disability) “မသန်စွမ်းမှု အမြင်သစ်” က (Inaccessibility) လို့ အဓိပ္ပါယ် သတ်မှတ်ထားပါတယ်။

အများသူငါတွေ ရရှိခံစားနိုင်တဲ့ အရာတွေကို မရရှိတာ၊ မခံစားရတာ … အများသူငါတွေ အသုံးပြုနေတဲ့ အရာတွေကို အသုံးမပြုနိုင်တာ … အစရှိတဲ့ ကိစ္စရပ်တွေကို မသန်စွမ်းမှုလို့ ခေါ်ပါတယ်။

ဥပမာ – ရုပ်မြင်သံကြား (Channel) တွေက လွှင့်တဲ့ (Program) တွေဟာ အကြားအာရုံ ချို့ယွင်းသူများအတွက် အခက်အခဲ ဖြစ်စေပါတယ်။ ရုပ်မြင်သံကြား အစီအစဉ်မှာ ပြောနေတာတွေက ဘာပြောလို့ ပြောမှန်း မသိနိုင်ပါဘူး။ ဒါကြောင့် မသန်စွမ်းသူ ဖြစ်သွားတယ်။

အများသူငါလို အဲဒီ (Program) တွေကို မခံစားနိုင်တာ … ။ ဒါပေမယ့် ရုပ်မြင်သံကြား အစီအစဉ်မှာ သင်္ကေတဘာသာစကား (Sign Language) ထည့် ထားမယ်ဆို ဘာပြောနေတယ် ဆိုတာ သိနိုင်လာမယ်။ နားလည်နိုင်မယ်။ ဒီအချိန်မှာ သူဟာ အကြားအာရုံ ချို့ယွင်းသူ ဖြစ်တော့ ဖြစ်မယ်။ ဒါပေမယ့် မသန်စွမ်းသူတော့ မဖြစ်တော့ဘူး။ သူ့အနေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကို အများနည်းတူ ခံစားနိုင်တယ်။

အမြင်အာရုံချို့ယွင်းမှု ရှိသူတွေဟာ ကျွန်တော်တို့ ဖတ်နေတဲ့ စာအုပ်တွေကို သူမဖတ်နိုင်တဲ့အတွက် မသန်စွမ်းသူတွေ ဖြစ်သွားမယ်။ ဒါပေမယ့် (Braille) နဲ့ ရေးထားတဲ့ စာအုပ်တွေကိုတော့ သူတို့ ဖတ်နိုင်ကြတဲ့ အတွက် မသန်စွမ်းသူတွေ မဖြစ်တော့ပါဘူး။

လူတစ်ယောက်ဟာ မသန်စွမ်းမှု ရှိလား၊ မရှိဘူးလားဆိုတာ သူ့ ပတ်ဝန်း ကျင်ကို ဘယ်လောက် (Access) လုပ်နိုင်သလဲ ဆိုတာနဲ့ပဲ တိုင်းတာပါတယ်။ ဘယ်လောက် ချို့ယွင်းမှု ရှိသလဲဆိုတာနဲ့ မတိုင်းတာပါဘူး။

ဒါကြောင့်မို့ ချို့ယွင်းမှုနှင့် မသန်စွမ်းမှုဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပဲဆိုတာကို မိတ်ဆက်ရေးသား အသိပေးအပ်ပါတယ်။

 

၂၃၊ ဒီဇင်ဘာ၊ ၂၀၁၃