သတင်းအချက်အလက်များ

လူမှုဘဝအတွင်း တရားမျှတမှုကို ရှာဖွေခြင်း ၁

လူမှုဘဝအတွင်း တရားမျှတမှုကို ရှာဖွေခြင်း ၁ ဖေ‌ဖော်ဝါရီ 15, 2019

နေ့စဉ်လူမှုဘဝအတွင်း ပတ်သက်ဆက်နွယ်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အဘက်ဘက်မှာ တရားမျှတမှုမရှိတဲ့ ဖြစ်စဉ်များစွာကို မြင်တွေ့ကြားသိနေရပါတယ်။ တစ်ဦးနဲ့ တစ်ဦးဆက်ဆံရာမှာ အနိုင်ယူလိုစိတ်နဲ့ တစ်ဖက်သားနစ်နာအောင် ပြုမူနေတာတွေကြောင့် နေချင်စဖွယ် အဝန်းအဝိုင်း ဖြစ်လာဖို့ မလွယ်ကူလှပါဘူး။
 
နေ့စဉ် မတရားမှုတွေ အများအပြား ကြုံတွေ့နေရတာကြောင့် စိတ်ပျက်လက်လျှော့စရာ မလိုပါ။ မိမိတို့ တစ်ဦးချင်း ပြင်လို့ရတာလေးတွေ ပြင်ဆင်နေထိုင်ပြီး နေပျော်ဖွယ် အသိုက်အဝန်းလေးကို ဖော်ဆောင်နိုင်ပါတယ်။
မတရားမှုကို ထုတ်ဖော်ပြောဆိုခြင်း

မိမိရှေ့မှာ တွေ့နေရတဲ့ မတရားမှုကို တွေ့ကြုံရတဲ့အခါ မတရားမှုပြုလုပ်သူကို ထိုအပြုအမူ အပြောအဆိုသည် မမှန်ကန်ကြောင်း ထောက်ပြပြောဆို အသိပေးသင့်ပါတယ်။ ဥပမာ – မိမိရဲ့ အသိမိတ်ဆွေထဲက လူမျိုးရေး ခွဲခြားတတ်တဲ့သူ ရှိခဲ့ရင် ထိုသူကို မိမိရဲ့ သဘောထားအမြင်ကို ဝေမျှပေးခြင်းအားဖြင့် လူလူချင်း ခွဲခြားနှိမ့်ချဆက်ဆံခြင်းမပြုလုပ်ရန် တိုက်တွန်းနိုင်ပါတယ်။

သို့မဟုတ် တစ်စုံတစ်ယောက် အနိုင်ကျင့်ခံနေရတဲ့အခါ ထိုသူဘက်က ရပ်တည်ပြီး အနိုင်ကျင့်သူကို ဆက်မလုပ်ဖို့ ပြောကြားသင့်ပါတယ်။ တကယ်လို့ အနိုင်ကျင့်သူက မရပ်ဘဲ ဆက်လုပ်နေရင် အနိုင်ကျင့်ခံရသူကို ဘေးလွတ်ရာသို့ အမြန်ပို့ဆောင်ပေးခြင်း သို့မဟုတ် သက်ဆိုင်ရာကို အသိပေးအကြောင်းကြားခြင်း ပြုလုပ်သင့်ပါတယ်။

မိတ်ဆွေအပေါင်းအသင်းများနဲ့ အပြန်အလှန်သင်ယူခြင်း

မိတ်ဆွေအပေါင်းအသင်းများနဲ့ စကားစမြည်ပြောရင်း လူမှုတရားမျှတမှုအကြောင်း အပြန်အလှန် သင်ယူခြင်းနည်းလမ်းက ကောင်းမွန်တဲ့ အလေ့အထတစ်ခုလို့ ယူဆပါတယ်။ တချို့တွေက မတရားမှုကို သိနေပေမယ့် ဘယ်လိုပြုမူတုံ့ပြန်ရမလဲ မသိနေတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ အချင်းချင်း ဆွေးနွေးပြောဆိုရင်းနဲ့ တရားမျှတမှုကို ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့ အတွေးအမြင်များ ဖြစ်ပေါ်လာနိုင်ပါတယ်။

မီဒီယာကို သတင်းပေးခြင်း

မိမိတို့ကြုံတွေ့နေရတဲ့ မတရားမှုတွေကို သတင်းမီဒီယာများ သိရှိအောင် ပြုလုပ်ခြင်းကလည်း မတရားမှု လျှော့နည်းအောင် ဖော်ဆောင်တဲ့နေရာမှာ အထောက်အပံ့ဖြစ်စေပါတယ်။

သတင်းမီဒီယာများက အချက်အလက်ခိုင်မာပြီး ကောင်းစွာရေးသားထားတဲ့ သတင်းအကြောင်းအရာများကို ၎င်းတို့ရဲ့ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာများမှာ အလျဉ်းသင့်သလို ဖော်ပြလေ့ရှိတာကြောင့် မတရားမှုတွေကို အခြားသူများ သိရှိအောင် ဖော်ထုတ်တဲ့နေရာမှာ အမှန်တကယ် အထောက်အကူဖြစ်စေနိုင်ပါတယ်။