သတင်းအချက်အလက်များ

ကင်ဆာရွာများ (မောင်တို့ ရွာမှာ ဘာတွေပေါသလဲ)

ကင်ဆာရွာများ (မောင်တို့ ရွာမှာ ဘာတွေပေါသလဲ) ဖေ‌ဖော်ဝါရီ 18, 2019

၂ဝ၁ဝ နှစ်များရဲ့ နှောင်းပိုင်းမှာ ခေတ်စားလာတဲ့ဝေါဟာရလေးက Cancer Villages ကင်ဆာရွာများဆိုတဲ့ စကားလုံးလေးပါပဲ။ အထူးသဖြင့် တရုတ်ပြည်မှာဖြစ်နေတာပါ။ တရုတ်ပြည်တစ်ဝှမ်းမှာ ကင်ဆာရွာ ၄၅ဝ တောင်ရှိနေတယ်လို့ ဆိုပါတယ်။

မြို့ကြီးများမှာ အဆုတ်ကင်ဆာဖြစ်သူတွေ ပိုများလာပြီး ကျေးလက်ဒေသတွေမှာတော့ သောက်သုံးရေညစ်ညမ်းလာမှုများကြောင့် အဆုတ်တင်မကဘဲ အသည်းနဲ့ အစာအိမ်ကင်ဆာများကိုပါ ပိုဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ရွာလုံးကျွတ်ဖြစ်တာ မဟုတ်သေးသော်လည်းကံဆိုးသူ မောင်ရှင်၊ အရေအတွက်ဟာ သိသိသာသာများလာနေလို့ ကင်ဆာရွာလို့ ခေါ်ဟန်ရှိပါတယ်။ အစောပိုင်းမှာတော့ တရုတ်အစိုးရက ဒါကို လက်ခံဖို့ အင်တင်တင် ဖြစ်နေခဲ့ပါတယ်။

မနှစ်ကတော့ ကင်ဆာရွာ ဆိုတာကို လက်ခံလိုက်ပြီး ဒါကို တားဆီးဖို့ စိုင်းပြင်းပါတော့တယ်။ တကယ်တော့ သက္ကရာဇ် ၂ဝဝဝ နောက်ပိုင်း ကျောက်မီးသွေးသုံးစွဲမှု တရှိန်ထိုး မြင့်တက်လာပြီးနောက်ပိုင်း ၁ဝ နှစ်နီးပါးခန့်အကြာမှာ ကင်ဆာရွာတွေကိုစတင် သတိထားမိခဲ့ကြတာပါ။

ဂျာနယ်လစ်တစ်ဦးကတရုတ်ပြည်အနှံ့အပြားက အရေအတွက် ဒါဇင် အတော်များများပါတဲ့ ကင်ဆာရွာများကို မြေပုံမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ အဆုတ်ကင်ဆာဖြစ်သူ ၃ဝ% ထိ တိုးလာနေပြီး အသည်းနဲ့ အစာအိမ်ကင်ဆာဖြစ်သူက ၂ဝ% ထိ တိုးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ ပီကင်းမှာ အဆုတ်ကင်ဆာဖြစ်သူ ၆ဝ% ထိတိုးလာပါသတဲ့။ နှစ်စဉ် လူ ၇ သိန်း ၅ သောင်းကျော်ဟာ အရွယ်မတိုင်မီ သေဆုံးသွားကြရတယ်လို့  Source Watch မှာ ရေးထားတာ တွေ့ရပါတယ်။

တရုတ်တွေဟာ ဆေးလိပ်ကြိုက် ဆေးလိပ်အသောက်များတာဖြစ်ပေမယ့် ဆေးလိပ်သောက်သုံးသူဦးရေ ကျဆင်းလာနေပါလျက် အဆုတ်ကင်ဆာဦးရေ တိုးပွားလာနေတာ ကို သုတေသီများက သတိပြုမိကြပါတယ်။ ပီကင်းမြို့ကြီးတစ်ခုတည်းမှာတင် ၂ဝ၁၂ တစ်နှစ်ထဲမှာ အဆုတ်ကင်ဆာနှင့် ဆုံးပါးသွားသူ ၈၅ဝဝ ရှိခဲ့တယ်။

ဒါဟာလေထုညစ်ညမ်းမှု PM 2.5 ရှိနေတာရဲ့ အကျိုးဆက်ပါလို့ Greenpeace အဖွဲ့က ပြောပါတယ်။ ကမ္ဘာမှာရှိတဲ့ အခြားတိုင်းပြည်က ကျေးလက်တွင် နေထိုင်သူများထက် တရုတ် ကျေးလက်တွင် နေထိုင်သူများက အသည်းကင်ဆာ သုံးဆပိုဖြစ်နေတာတွေ့ရပါတယ်တဲ့။

အစာအိမ်ကင်ဆာမှာတော့ နှစ်ဆပိုများပါသတဲ့။ တရုတ်ပြည်မှာ လူလေးဦးသေဆုံးတိုင်းတစ်ဦးဟာ ကင်ဆာကြောင့်ဖြစ်တယ်လို့ ဒေးလီ တယ်လီဂရပ်မှာ ရေးထားပါတယ်။ ကျောက်မီးသွေး စက်ရုံတွေများတဲ့ တရုတ်ပြည်မြောက်ပိုင်းက ဒေသခံများဟာ ကျောက်မီးသွေးစက်ရုံတွေ နည်းတဲ့ တောင်ပိုင်းက ဒေသခံများထက် သက်တမ်းအသက် ၅ နှစ်ခွဲပိုပြီး တိုကြတယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာတော့ သန့်စင်သော ကျောက်မီးသွေးလို့ နာမည်လှလှပေးပြီး လျှပ်စစ်ထုတ်ဖို့ လက်ပြင်နေတဲ့ ငွေရှင် ကုမ္ပဏီများ ယခုရက်ပိုင်းအတွင်း စိုင်းပြင်းလာ ခြေသွက်လာတာ တွေ့နေရပါတယ်။

ကန့်ကွက်သံတွေလည်း ကျယ်လောင်လာနေတဲ့ကြားက ဇွတ်တိုးလုပ်မယ့် လက္ခဏာများ ပေါ်လွင်နေပါတယ်။ ဂျပန်လို နိုင်ငံကျဉ်းကျဉ်းလေးတောင် လုပ်သေးတာပဲဆိုတဲ့ အာဏာပိုင်များရဲ့ လေသံက ဂွတ်တယ်ထင် ဒူးသာ ဒူးဆိုတဲ့ မီးစိမ်းပြနေသလို ဖြစ်နေပြီး ဒေသခံများနဲ့ လုပ်ငန်းရှင်များကို တေ့ပေးထားပါတယ်။

လိုအပ်သည်များကို အလွန်ညွှန်ကြားတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများကိစ္စမှာ ဘယ်နည်းဘယ်လမ်းကို အသုံးပြုပြီးထုတ်လုပ်ရမယ်လို့ ပြောသံလည်း မကြားမိတော့ ”အင်း.. မောင်တို့ပြည်မှာ ဘယ်ရွာတွေက ကင်ဆာရွာဖြစ်လာမလဲဆိုတာကို မှတ်တမ်းတင်ဖို့၊ အဆုတ်က ဘယ်လောက်၊ အသည်းက ဘယ်လောက်၊ အစာအိမ်က ဘယ်လောက်ဆိုတာတွေ” မှတ်တမ်းပြုဖို့ စာမျက်နှာလေးဆယ်ပါ ဗလာစာအုပ် ထူထူလေး တစ်အုပ်လောက် စပြင်ထားရတော့မယ့် ပုံပါပဲ။

လှိုင်ဦး

(ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ညစ်ညမ်းမှုဆိုးကျိုးများအကြောင်း အခြေခံသိကောင်းစရာများ စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။)