သတင်းအချက်အလက်များ

ခေါင်းဆောင်မှုပုံစံသစ်

ခေါင်းဆောင်မှုပုံစံသစ် မတ် 3, 2019

ခေါင်းဆောင်ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုကြတာ ရှိပေမယ့် အရိုးရှင်း ဆုံး ပြောရရင် ဦးဆောင်ရှေ့ရွက် ပြုသူ၊ အစုဖွဲ့ဝင်များကို ဆွဲဆောင်လွှမ်းမိုး သယ်ဆောင်သူလို့ အဓိပ္ပါယ် သတ်မှတ်ရင် မှားမယ် မထင်ပါဘူး။
 

တကယ်တော့ ခေါင်းဆောင်ဆိုတာ လူထုအတွင်းကနေ ပေါက်ဖွားလာတာ မျိုးပါ။ ကိုယ့်ကိုကိုယ် “ငါ မင်းတို့ရဲ့ ခေါင်းဆောင်ပဲကွ” လို့ တင်မြှောက်လို့ မရနိုင်ပါဘူး။ လူထုက ရွေးချယ် တင်မြှောက်ပြီး အသိအမှတ်ပြုမှ ရပါတယ်။

ခေါင်းဆောင်ဟာ နတ်က ဖန်တီးပေးတဲ့ သူလည်းမဟုတ်၊ မိုးပေါ်က ကျလာတဲ့ မိုးကျရွှေကိုယ်လည်း မဟုတ်၊ ဝိဇ္ဇာဇော်ဂျီရဲ့ ဆေးလုံး ကနေ ပေါ်ထွက်လာသူလည်း မဟုတ်ပါဘူး။ ခေါင်းဆောင်ဆိုတာ အခြေအနေရဲ့ တောင်းဆိုမှုအရ ပေါ်ထွက်လာတဲ့ သူမျိုးပဲ ဖြစ်ပါတယ်။

စစ်ပွဲကြောင့်၊ လူထုလှုပ်ရှားမှုများကြောင့်၊ ရှည်လျားကွေ့ကောက်တဲ့ ဖြစ်စဉ်များစွာကြောင့် လေ့ကျင့် သင်ကြားမွေးထုတ်မှု စသဖြင့် အခြေအနေများအပေါ် အခြေပြုပြီး ထွက်ပေါ်လာတတ်တာမျိုးပါ။

သတိပြုဖို့ရှိတာက အရည်အချင်းမရှိဘဲ ခန့်အပ်ခံရခြင်း၊ မိမိကိုယ်တိုင်က ဆန္ဒမပါဘဲ မဲနှိုက်ခန့်အပ်ခံရပြီး အချောင်နည်းလမ်းနဲ့ ခေါင်းဆောင်ဖြစ်တာမျိုးဆိုရင်တော့ လူ့အဖွဲ့အစည်း၊ တိုင်းပြည်၊ အစုအဝေး၊ အဖွဲ့အစည်း စတဲ့ အရာများအတွက် အဲဒီ ခေါင်းဆောင်ဟာ အံဝင်ခွင်ကျမှု မရှိဘဲ နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

အရေးကြီးတဲ့အချက်များအပေါ်မှာ အဓိက အာရုံစိုက်လေ့လာကြပါစို့။ အောင်မြင်တဲ့ ခေါင်းဆောင်မှု ဖြစ်ဖို့အတွက် ခေါင်းဆောင်မှုကို အဟန့်အတားပြုနေတဲ့ အရာတွေကို အရင်ဆုံး သိထားသင့်တယ်လို့ ယူဆမိပါတယ်။

ထို့ကြောင့် ခေတ်မမီတော့တဲ့ ခေါင်းဆောင်မှု ပုံစံဟောင်း (၂) ခုကို တင်ပြလိုပါတယ်။ ပထမတစ်မျိုးက မည်သည့်အဖွဲ့အစည်းမျိုးဖြစ်စေ မည်သူမဆို အချိန်မရွေး ခေါင်းဆောင်မှု ပေးနိုင်သည်ဆိုတဲ့ မူဝါဒကြောင့် ခေါင်းဆောင်မှုရဲ့ လေးနက်တဲ့ ကဏ္ဍကို သေးနုတ်သွားစေတဲ့ မူပုံစံ (Laissez-Fair Leadership) ဆိုတာ ဖြစ်ပါတယ်။

အဲဒီပုံစံက နိုင်ငံရေး နယ်ပယ်မှာဆိုရင် နိုင်ငံရေး လှေကြုံစီးသမားတို့ အကြိုက်တွေ့တဲ့ မူပုံစံတစ်ခုလို့ လေ့လာမှတ်သားဖူးပါတယ်။ အခြားနယ်ပယ်များ ဖြစ်တဲ့ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီး အတွက် ဆိုပါက အချောင်သမားများ အကြိုက်တွေ့စေတဲ့ မူပုံစံလို့ ပြောနိုင်ပါလိမ့်မယ်။

အဲဒီခေါင်းဆောင်မှု ပုံစံရဲ့ အားနည်းချက်ကြီးများကတော့ အဓိကနဲ့ သာမည ကိုပင် ခွဲခြားဆုံးဖြတ်ခြင်း မရှိတာဖြစ်ပါတယ်။ နောက် တစ်ခုက အင်မတန် လွတ်လပ်မှု လွန်ကဲတဲ့ ပုံစံ ဖြစ်တာကြောင့် ဆုံးဖြတ်ချက် မှန်သမျှကို အဆင့်ဆင့်သော မည်သည့် အစုအဖွဲ့ဝင်ဖြစ်စေ ဆုံးဖြတ်လုပ်ဆောင်နိုင်ရန် အခွင့် ပေးထားခြင်း ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ကြိုတင်တွက်ဆမှု အားနည်းလှ တဲ့ ပုံစံ ဖြစ်တာကြောင့် စည်းကမ်းမဲ့ စနစ်ကျမှု မရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ် ပါတယ်။ ခေတ်မမီတော့တဲ့ ဒုတိယ ခေါင်းဆောင်မှုမျိုးက အထက်ကနေ အောက်ကို စီးဆင်းတဲ့ ဗျူရိုကရေစီ ဗဟိုချုပ်ကိုင်ဦးစီးမှု ပုံစံ (Authoritarian/ Autocratic Leadership) ဆိုတာပါပဲ။

ဒီပုံစံမှာကျတော့ အုပ်စုကွဲများကို အားပေးမှု များပြားပြီး ညီညွတ်ရေး အားနည်းစေတဲ့ဘက်ကို ရောက်စေပြီး အောင်မြင်မှု နည်းပါးတဲ့ ပုံစံ တစ်ခုအဖြစ် မှတ်သားမိပါတယ်။ အမှန်တော့ ကျွန်တော်တို့ တတွေနဲ့ သိပ်တော့ စိမ်းလှတဲ့ နည်းမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရတဲ့ လွှမ်းမိုးမှု တစ်ခုပါပဲ။

ခေါင်းဆောင်မှု ပုံစံသစ်ဆိုတာကတော့ အောက်မှ အထက်သို့ စီးဝင်တဲ့ ပုံစံ (Democratic Leadership) လို့ မှတ်သားမိပါတယ်။ သူ့ရဲ့ အားသာချက်များ က ဆုံးဖြတ်ချက်များ၊ လှုပ်ရှားမှုများ ပြုလုပ်တော့မယ်ဆိုရင် လူတစ်ဦး သို့မဟုတ် အနည်းစုသဘော၊ စိတ်ကူးယဉ်နေခြင်းမျိုးမဟုတ်ဘဲ အဆင့်အဆင့် အစုအဖွဲ့ဝင်အများအပြားရဲ့ စိတ်ကူးသဘော ပါဝင်တဲ့ ပုံစံတစ်ခု ဖြစ်ပါတယ်။

စည်းလုံးအား ကောင်းတဲ့ ပုံစံအဖြစ် မှန်းဆပုံဖော်ကြည့်နိုင်ပါလိမ့်မယ်။ အထက်က အားနည်းချက် ဖြစ်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတာတွေ ဒီပုံစံမှာ ရှိမနေတော့ဘဲ အများပူးပေါင်းပါဝင်မှု၊ ကြိုတင် တွက်ဆမှု စတဲ့ အချက်များကို အခြေခံတဲ့ပုံစံ ဖြစ်ပါတယ်။

ခေါင်းဆောင်က လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ တန်ခိုးရှင် မဟုတ်တာကြောင့် ပေါ်လစီ၊ မဟာဗျူဟာ စတဲ့ အရာများ ရေးဆွဲတဲ့အခါမှာ အဆင့်ဆင့် အစုအဖွဲ့ဝင်များရဲ့ အကြံဉာဏ်ကို ရယူရပါတယ်။

ခေါင်းဆောင်ဟာ ဝိဇ္ဇာဇော်ဂျီ ဆေးလုံးကနေ ပေါ်ထွက်လာသူလည်း မဟုတ်တဲ့အတွက်ကြောင့် အဲဒီလို ပေါ်လစီ၊ မဟာဗျူဟာများ ကို ရေးဆွဲတော့မယ်ဆိုရင် လူထုထဲကနေ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်များကိုဖြစ်စေ၊ အတွေ့အကြုံ ရင့်ကျက်သူများကို ဖြစ်စေ ရနိုင်သမျှသော အကြံဉာဏ်များကို စုစည်းပြီး ရေးဆွဲရပါတယ်။

အဲဒီလို အကြံဉာဏ်များစွာနဲ့ စုဖွဲ့ရေးဆွဲထားတဲ့ ပေါ်လစီတို့၊ မဟာဗျူဟာ တို့ကို အကောင်အထည် ဖော်တဲ့အခါမှာလည်း အစုအဖွဲ့ဝင် အသိုက်အဝှမ်း တစ်ခုလုံး သို့မဟုတ် လူထုတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးပြီး လုပ်ဆောင်ရတယ်လို့ မှတ်သားမိပါတယ်။ ခေါင်းဆောင်မှုပုံစံ အသစ်ရဲ့ အရေးကြီးဆုံး အချက်တစ်ချက်ကတော့ ရှေ့ရေးကို ကြိုတင် တွက်ဆထား တာပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်ဟာ သူကျွမ်းကျင်တဲ့ နယ်ပယ် တစ်ရပ်မှာ အင်မတန် ထူးချွန်တဲ့သူ ဖြစ်စေဦးတော့ သူ့ကို တာဝန်ပေးအပ်ထားတဲ့ အချိန်တစ်ခုထက် ပိုမိုပြီး ခေါင်းဆောင် လုပ်နေရမှာမျိုး မဟုတ်ပါ။ လူ့သက်တမ်းက အကန့်အသတ်ရှိတာကြောင့် အချိန်တန်ရင် ထိုနေရာကို စွန့်ခွာရစမြဲ ဖြစ်ပါတယ်။

ထို့ကြောင့် ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ မိမိတို့ မျိုးဆက်တစ်ခုတည်းအတွက် မဟုတ်ဘဲ နောက်တက်လာမယ့် ခေါင်းဆောင်ဟာ ပိုမိုကောင်းမွန်တဲ့သူ ဖြစ်အောင် မွေးထုတ်ပေးနိုင်ဖို့ ကြိုးစား အားထုတ်ရမှာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ သူဦးဆောင်ရတဲ့ လူအစုအဝေးနဲ့ အဆက်ပြတ်ပြီး တစ်ယောက်တည်း ရှေ့သို့ ချွန်ထွက်နေလို့လည်း မရပြန်ပါဘူး။ တစ်သားတည်း တစ်သွေးတည်း ဖြစ်နေဖို့ လိုအပ်ပါတယ်။

လိမ္မာပါးနပ်မှု၊ အသိဉာဏ် ရင့်ကျက်မှု စတဲ့ အချက်များအပြင် မိမိ ဦးဆောင် ရတဲ့ လူအစုအဝေးရဲ့ မြတ်နိုးတန်ဖိုးထားတဲ့ အချက်များကိုလည်း ကောင်းစွာ သဘောပေါက်နေဖို့ လိုအပ်ပါတယ်။

ဝင်စတန် ချာချီပြောခဲ့တဲ့ စကားတစ်ခွန်းကို ဥပမာပေးရင်း နိဂုံးချုပ်အပ်ပါတယ်။
တိုးတက်ချင်ရင် ပြောင်းလဲပါ။ အကောင်းဆုံး ဖြစ်ချင်ရင်တော့ မကြာခဏ ပြောင်းလဲပါ။

Ref; Kendra Cherry – Democratic Leadership