သတင်းအချက်အလက်များ

မြစ်ဆုံဆည် တည်ဆောက်မည့် စီမံကိန်းအပေါ် စာရေးဆရာ ကိုတာ၏ အမြင်

မြစ်ဆုံဆည် တည်ဆောက်မည့် စီမံကိန်းအပေါ် စာရေးဆရာ ကိုတာ၏ အမြင် ဧပြီ 2, 2019

ကျွန်တော်က မြစ်ဆုံရေကာတာဆောက်မှာကိုဆန့်ကျင်ပါတယ်။ အရင်ကလည်း ဆန့်ကျင်ခဲ့ပါတယ်။ အခုလည်းဆန့်ကျင်ပါတယ်။ မြန်မာနိုင်ငံအတွက် ဘာအကျိုးမှမရပါဘူး။

မြစ်ဆုံကြောင့်
၁။ အလုပ်အကိုင်မရပါဘူး။
၂။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ဘာမှ မဆိုင်ပါဘူး။
၃။ စွမ်းအင်အတွက် ဆိုတာတောင်မှ တရုတ်ကို ၉၀% ပေးရမယ် ။ ရင်းနှီးမြှုပ်နှံတဲ့ မြန်မာ ကုမ္ပဏီက ၅% ဆိုတော့ လူတွေအတွက်က ၅% ပဲကျန်ပါတယ်။

ဒီဆည်ကြောင့်စွမ်းအင်ဘာမှ လောက်လောက်လားလား မရပါဘူး။ ဒါဆိုဘာအကြောင်းပြချက်ရှိသလဲ။ အကြောင်းပြနေတာ တစ်ခုကြားရတယ်။ အရင် အစိုးရ တွေလုပ်ခဲ့လို့ အခုကတိတည်ရမယ် ဆက်လုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်ပါ။ ဒီအကျိုးအကြောင်းက မလျော်ကန်ပါဘူး။

လက်ရှိအစိုးရကို အရင်အစိုးရတွေ လုပ်သလို လိုက်လုပ်မယ် မဟုတ်ဘူးလို့ တွက်ခဲ့ပြီး ကျွန်တော်တို့ မဲပေးခဲ့တာပါ။
အရင်အစိုးရလုပ်ခဲ့တဲ့ အမှားအယွင်းတွေကို ပြင်ဆင်တဲ့အစိုးရကိုပဲ ကျွန်တော်တို့ အလိုရှိပါတယ်။

ကတိတည်ဖို့လိုတယ်ဆိုရင် ဒါအရင်က မှားခဲ့တယ်။ ဒီအတွက်ပြင်ဆင်ရမယ်။ ဒီအတွက် လျော်မယ်။ ဒါမျိုးဟာလည်း ကတိတည်တာပါပဲ။ မလွှဲသာရင် အလဲအလှယ်အနေနဲ့ အခြားနေရာတစ်ခုခုလည်း စဉ်းစားပေါ့ ။ အလွန် မလွှဲသာရင်ပေ့ါဗျာ။

* ဒီမြစ်ဆုံကတော့ တရုတ်တွေကို အညှာကိုင်ဖို့ အခွင့်ပေးသလိုဖြစ်မှာ စိုးပါတယ်။ အခုျပ်အခြာအာဏာကိစ္စပါ။ သူတို့ investment ကာကွယ်ဖို့ တရုတ် settlement တွေရောက်မှာပဲ။ မြန်မာဖြစ်ဖြစ် အခြားနိုင်ငံဖြစ်ဖြစ် တရုတ့်တွေရောက်လေ့ရှိတာပဲ။ တရုတ်တွေလာကြမှာပဲ။ ဒါမျိုး စဉ်းစားပြီးပြီလား။

* အမြင်ကျယ်ကြရမယ်လို့ပြောပါတယ်။ ဘယ်လိုကျယ်ရမှာလဲလို့ ကျွန်တော်တို့ စဉ်းစားကြည့်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ပါ။

(၁) မြစ်ဆုံကို တရုတ် investment နဲ့ဆက်စပ်စဉ်းစားရမှာလား။ တရုတ် investment တိုင်းဟာ ပြဿနာတွေနဲ့ချည်းမို့ မလွမ်းပါ ။

တရုတ် Investment တွေဟာ responsible investment မဟုတ်ကြတာတော့များပါတယ် ။
တရုတ်နဲ့ ဆက်ဆံရေး (ဝါ) တရုတ်ထောက်ခံမှုကို ယူရမှာလား။ လျော်စရာရှိတာ လျော်ဖို့ပဲ လိုမှာပါ ။
သူတို့လဲ ဒါကိုပဲ လိုချင်တာပါ။

ရေနံပိုက်လိုင်း ရပြီးပြီ ။ ဆိပ်ကမ်းရပြီးပြီ ။ ကျုပ်တို့က သူတို့ရင်ခွင်ထဲ ရောက်ပြီးပြီ။

(၂) မြစ်ဆုံကို စစ်ပွဲနဲ့ ဆက်စပ်စဉ်းစားရမှာလား။ စစ်ပွဲတွေအတွက် တရုတ်အကူအညီလိုချင်ကြတယ်။ အဲ့ဒါကြောင့် မြစ်ဆုံကို ပေးရမလားလို့ စိတ်ကူးရမှာလား။ နေပါဦး။

အဲ့ဒီနေရာကို ကိုယ်ပိုင်တယ်လို့များထင်နေကြတာလား။ ကချင်တွေကို ဘယ်သွားထားမှာလဲ။

(၃) အင်ဂျင်နီယာအချို့က ဆည်တည်နိုင်တယ်ပြောတယ်။ တည်နိုင်မတည်နိုင်ကို စဉ်းစားရမှာမှ မဟုတ်တာ။
ဆည်တည်သင့် မတည်သင့်ပဲ စဉ်းစားရမှာ မဟုတ်လား။

ပရိသတ်ကြီးခင်ဗျား … ထပ်ပြောပါရစေ။

၁။ ဒီဆည်တည်မယ့် ကိစ္စကို မြန်မာပြည်သူလူထု အမြောက်အမြားနဲ့ဆန့်ကျင်ပါတယ်။ ကန့်ကွက်နေကြပါတယ်။
၂။ တရုတ်အကျိုးချည်းပဲ မြန်မာပြည်အတွက် ဘာအကျိုးမှ မရှိပါဘူး။

မြစ်ဆုံကြောင့်မို့များ မြန်မာတွေ
(က) အလုပ်အကိုင်မရဘူး
(ခ) စွမ်းအင်မရဘူး
(ဂ) အချုပ်အခြာအာဏာကိုသာ ထိခိုက်မယ်။

တရုတ်ကို အညှာကိုင် လည်မျိုညှစ်ခွင့် ပေးသလိုဖြစ်မယ်။ ဟိုတလောက အိန္ဒိယ ပါကစ္စတန်စစ်ဖြစ်တော့ အိန္ဒိယက ရေကိုလမ်းလွှဲမယ်လုပ်သတဲ့။ ရေစစ်ပွဲ ဖြစ်သဟေ့လို့ ရေးကြတယ်။ အဲ့သလို ထိခိုက်မှာပါ။ • မြစ်ဆုံကို တရုတ် BRI ဆက်စပ်ပြီး စဉ်းစားတဲ့ အမြင်ကျယ်မှုက ရွှေဉာဏ်တော်ဆူးရောက်တာပါပဲ။

တရုတ်ကျေးဇူးရှိတယ်လို့ ပြောသံဆိုသံ ကြားရပြန်တယ်။ အဲသလို လူတွေကိုတော့ ခင်ဗျားတော့ဖြင့် အတ္တာနူဝါဒဘေး၊ ပရာနူဝါဒဘေးတွေ ကျနိုင်တယ်ဗျလို့ ပြောရမှာပါ။ အတ္တဆိုတာ မိမိပေါ့။ နူဝါဒဆိုတာ ယိုးစွတ်တာ။ တရုတ်ကျေးဇူးရှိတယ် ပြောတဲ့သူတွေဟာ မိမိကိုယ်မိမိ ယိုးစွတ်တဲ့သူဖြစ်မယ်။ ပရာနူဝါဒဆိုတာကတော့ အများက ယိုးစွတ်တာပါ။ အများက ယိုးစွတ်တာကတော့ သမိုင်း ဖြစ်သွားတာပါပဲ ခင်ဗျား။


ကျွန်တော်စဉ်းစားမိတာကို ပြောပါတယ်ခင်ဗျား။
ကျေးဇူးတင်ပါတယ်။

ကိုတာ

မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေး
၄-၁ -၂၀၁၉
ရန်ကုန် နာရေးကူညီမှု အသင်းခန်းမ