သတင်းအချက်အလက်များ

မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ဆုတောင်း

မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ဆုတောင်း ဧပြီ 13, 2019

နှစ်သစ်မှာ မျှော်ရည်တဲ့ ကျုပ်တို့ နိုင်ငံ

ကျုပ်တို့နိုင်ငံဟာ လွတ်လွတ်လပ်လပ်ဖော်ထုတ်နိုင်တဲ့မြေ ။
သည်အရပ်မှာ ပြည်သူပြည်သားတို့ရဲ့စကားကို တန်းတူညီတူ ဂရုထားတယ် ။

ကျုပ်တို့နိုင်ငံဟာ ခြားနားတဲ့ တန်ဖိုးများအတွေးအခေါ်များ ၊အယုံအကြည်များ ၊ တခုနဲ့တခု ပြိုင်ဆိုင်နေကြတဲ့ နိုင်ငံရေးအမြင်များစွာ အတူရှိနေတဲ့မြေ ။
သည်အရပ်မှာ လူများစု လူနည်းစုသဘောထားများကို တန်းတူအာမခံတယ် ၊ အာဏာပိုင်တွေရဲ့ အမြင်နဲ့ ခြားနားတဲ့ နိုင်ငံရေးအမြင်များကို အပြည့်အဝလေးစားပြီး ကာကွယ်တယ် ။

ကျုပ်တို့နိုင်ငံဟာ နိုင်ငံရေးအမြင်အားလုံးကို နေရောင်ခြည်အောက်မှာ လူထုကရွေးဖို့ ဖြန့်ဝေတဲ့မြေ။
သည်အရပ်မှာ ပြည်သူပြည်သားတိုင်းဟာ သူတို့ရဲ့ နိုင်ငံရေးအမြင်ကို အကြောက်အရွံ့မရှိဖော်ထုတ်နိုင်တယ် ၊ ဆန့်ကျင်ကွဲလွဲတဲ့အသံကြောင့် သူတို့ဟာ ဘယ်တော့မှ အကျဉ်းမကျဘူး ။

ကျုပ်တို့နိုင်ငံဟာ ချောင်ချိတဲ့ မကျပ်တည်းတဲ့ ပတ်ဝန်းကျင်ရှိတဲ့မြေ။
သည်အရပ်မှာ လူအချင်းချင်း အပြန်အလှန်ချစ်ခြင်းအားဖြင့် မ တူတဲ့ တန်ဖိုးတွေ၊ ခြားနားတဲ့ အကျိုးစီးပွားတွေဟာ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော့ပြောင်းတဲ့ မြေဆီလွှာမှာ ဖြစ်ထွန်းလာကြတယ်

ကျုပ်တို့နိုင်ငံဟာ လွတ်လပ်စွာပြောဆိုခွင့်ကို လူ့အဖြစ်ရဲ့ မူလဘူတ၊ လူ့ ရပိုင်ခွင့် အုတ်မြစ် ၊ အမှန်တရားရဲ့မိခင်အဖြစ် တန်ဘိုးထားလေးစားတဲ့မြေ ။
သည်အရပ်မှာ အပြောအဆို လွတ်လပ်ခွင့်အား တားဆီးခြင်းသည် လူ့ရပိုင်ခွင့်ကို နင်းခြေ၊ လူ့အဖြစ်ကို လည်ပင်းညှစ် ၊ သစ္စာတရားကို ဖိနိုပ်ခြင်းအဖြစ် ခါးသီးဆန့်ကျင်တယ်။

ကျုပ်တို့နိုင်ငံဟာ အမုန်းကြောင့် လူတယောက်ရဲ့ဉာဏ်ပညာ နဲ့ အသိကို တိုက်စားပစ်ခြင်းမရှိတဲ့မြေ ၊
သည်အရပ်မှာ ရန်ငြိုးထားခြင်းစိတ်ထားကြောင့် နိုင်ငံတနိုင်ငံရဲ့ ဝိညာဉ်အပေါ ် အဆိပ်ခတ်ခံရခြင်း ကင်းဝေးတယ်။

ကျုပ်တို့နိုင်ငံဟာ လူ့အဖွဲ့အစည်းတခုရဲ့ သည်းခံခြင်း လူဆန်ခြင်းကို ဖျက်ဆီးပစ်မယ့် အမုန်းတရားမရှိတဲ့မြေ။
သည်အရပ်မှာ နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်မှုနဲ့ဒီမိုကရေစီရေး တိုးတက်မှုကို တားဆီးတဲ့ အမုန်းကို လျော့ပါးအောင် ကျင့်ကြတယ် ။

တရုတ် လူ့အခွင့်အရေး နိုဘယ်ဆုရှင် လျုရှောင်ဘိုရဲ့မိန့်ခွန်း https://www.nobelprize.org/prizes/peace/2010/xiaobo/lecture/ နဲ့ ဆရာတာရဲ့ လမ်းပေါ်က လူတယောက် ပြောချင်တာများ ( ဒုတိယအုပ် ) တို့မှ ထုတ်နုတ်၍ အသုံးပြုသည် ။