သတင်းအချက်အလက်များ

ကျောက်မီးသွေးသုံးစွမ်းအင်၏ ရေအရင်းအမြစ်အပေါ် ခြိမ်းခြောက်မှု

ကျောက်မီးသွေးသုံးစွမ်းအင်၏ ရေအရင်းအမြစ်အပေါ် ခြိမ်းခြောက်မှု ဇွန် 23, 2019

ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေဟာ ရေဖြန့်ဝေမှုနဲ့ ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်မီးသွေးစက်ရုံများဟာ အအေးခံစနစ်အတွက် ရေပမာဏကြီးကြီးမားမား သုံးပါတယ်။

အဲဒီလိုအပ်တဲ့ ရေအတွက်သူတို့တည်ရှိရာနေရာဒေသက ရေအရင်းအမြစ်တွေကိုစုပ်ထုတ်တဲ့အခါ ငါးတွေအများအပြားသေဆုံးရပါတယ်။အဲလို ကျောက်မီးသွေးစက်ရုံတွေကနေ အသုံးပြုပြီး ပြန်လည်စွန့်ပစ်တဲ့ ရေတွေဟာ သတ္တုအဆိပ်တွေနဲ့အခြားဆိုးကျိုးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝတောရိုင်းတိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ပြန်ပြီး စွန့်ပစ်လိုက်တဲ့ရေတွေဟာ သဘာဝရေအရင်းအမြစ်ထက် အပူချိန်ပိုမြင့်တဲ့အတွက် ငါးတွေနဲ့ အခြားတောရိုင်းတိရစ္ဆာန်တွေကို ထပ်ပြီးသေစေပါတယ်။ ဒါ့အပြင် မီးခိုးခေါင်းတိုင်တွေကနေ ထွက်လာတဲ့ ပြဒါးတွေဟာ ရေထုကိုညစ်ညမ်းစေပြီး အဲ့ဒီရေအပေါ်မှာ မှီခိုနေတဲ့ လူတွေနဲ့ အခြားသက်ရှိသတ္တဝါတွေကို အန္တရာယ်ဖြစ်စေပါတယ်။

ရေသုံးစွဲမှု

ကျောက်မီးသွေးစက်ရုံများဟာ သူတို့ရဲ့အအေးခံ စနစ်အတွက် ရေဂါလံပေါင်း သန်းပေါင်းများစွာကို သုံးစွဲရတဲ့အတွက် သောက်သုံးရေ၊ စိုက်ပျိုးရေနဲ့ သဘာဝဂေဟစနစ်အတွက် ရေအရင်းအမြစ် နည်းပါးသွားပါတယ်။ တခါသုံး အအေးပေးစနစ်ကိုသုံးတဲ့ ကျောက်မီးသွေး စက်ရုံတွေဟာ ရေသုံးစွဲမှု အများဆုံး စွမ်းအင်အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။

ဒီစက်ရုံတွေဟာ စက်ရုံတစ်ခု တစ်နာရီစာအတွင်းမှာ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ပမာဏတစ်ခု ထွက်ရှိလာဖို့ အတွက်ကို ရေဂါလံ ၂၀၀၀၀ ကနေ ၅၀၀၀၀ အထိ ထုတ်ယူသုံးစွဲရပါတယ်။

ရေအလုံပိတ် အအေးပေးစနစ်ကိုသုံးတဲ့ စက်ရုံတွေဟာ ရေပမာဏတစ်ခုကိုတစ်ကြိမ်မက ပြန်လည်သုံးစွဲတဲ့အတွက် ငါးသေဆုံးမှု နည်းပါးသည်။ ဒါပေမဲ့ ဒီစက်ရုံတွေဟာလည်း စက်ရုံတစ်ခု တစ်နာရီအတွင်း ထုတ်လုပ်တဲ့ လျှပ်စစ်ဓတ်အားအတွက် ရေဂါလံ ၄၈၀ ကနေ ၁၁၀၀ အထိ သုံးစွဲရပါတယ်။ ရေအလုံပိတ် အအေးခံစနစ်ကို လည်ပတ်ဖို့အတွက် စွမ်းအင်ပိုသုံးရပြန်ပါတယ်။

အကျိုးဆက်အနေနဲ့ လုပ်ငန်းပိုင်း လွယ်ကူအဆင်ပြေမှု မရှိတဲ့အပြင် နောက်ဆုံးမှာ အပူသိုလှောင်မှု ဖြစ်ပေါ်စေတာကြောင့် လေထုထဲကို ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုများပြားလာစေနိုင်ပါတယ်။

ရေရှားပြီး ပူအိုက်တဲ့ ရာသီဥတုအခြေအနေတွေမှာ သောက်သုံးရေအတွက်နဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ရေနဲ့၊ ကျောက်မီးသွားစက်ရုံတွေရဲ့ ရေလိုအပ်မှုအကြား ပြိုင်ဆိုင်မှုကြောင့် ကျောက်မီးသွေး စက်ရုံတွေအတွက် ရေအရင်းအမြစ်ရရှိရေး စိန်ခေါ်မှု ပိုမိုများပါတယ်။ လိုအပ်တဲ့ရေ မရရင် ကျောက်မီးသွေး စက်ရုံတွေကို လည်ပတ်မှုလျော့ချတာတွေ ဒါမှမဟုတ် လုံးဝရပ်တန့်ရတဲ့ အခြေအနေအထိ တွန်းပို့နိုင်ပါတယ်။

ပူအိုက်တဲ့ရာသီကြောင့် ကျောက်မီးသွေးစက်ရုံအတွက် စုပ်ယူတဲ့ရေဟာ ပူလွန်းနေနိုင်ပြီး လျှပ်စစ်ဓာတ်အား အလိုအပ်ဆုံး အချိန်တွင် လျော့ထုတ်ရတဲ့ အခြေအနေကို တွန်းပို့နိုင်တယ်။ တစ်ခါသုံး အအေးခံစနစ်ကို အသုံးပြုတဲ့ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ခုဟာ အနီးဆုံးမှာရှိတဲ့ ကန်၊ မြစ် ဒါမှမဟုတ် ပင်လယ်ကနေ တရက်ကို ရေဂါလံပေါင်း သန်းပေါင်းများစွာကို ထုတ်ယူပြီး အချို့အခြေအနေတွေမှာဆို ဂါလံ သန်းပေါင်း ထောင်နဲ့ချီ ရှိပါတယ်။

အဲလို ထုတ်ယူရာမှာ စုပ်ယူတဲ့ ပိုက်နဲ့ အနီးတစ်ဝိုက်က ငါးနဲ့ အခြားရေနေသတ္တဝါတွေဟာ ကြမ်းတမ်းတဲ့ ပိုက်နံရံတွေနဲ့ရိုက်မိပြီး၊ စုပ်ယူမှုကြောင့် အအေးပေးစနစ်ထဲကို ရောက်ရှိကုန်ပါတယ်။ တခါသုံး အအေးခံစနစ်ဟာ နီးစပ်ရာ ရေအရင်းအမြစ်ကို ထုတ်ယူပြီး အပူချိန်မြင့်တဲ့ ရေကို ပြန်လည်စွန့်ပစ်တဲ့အတွက် သဘာ၀ ဂေဟစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။

ရေအလုံပိတ် အအေးပေးစနစ် နည်းပညာကြောင့် ရေသုံးစွဲမှု နည်းပေမယ့် ရေလိုအပ်မှုတွေ ရှိနေဆဲဖြစ်ပြီး ငါးနဲ့  အခြားတောရိုင်းတိရစ္ဆာန်တွေကို ထိခိုက်မှု ရှိနေဆဲ ဖြစ်ပါတယ်။

စွန့်ပစ်ရေ

ရေကို အအေးခံစနစ်ထဲ လည်ပတ်စေပြီးတဲ့နောက်မှာ ရေပြင်မျက်နှာပြင်ပေါ်ကို တိုက်ရိုက် ပြန်လည် စွန့်ပစ်လိုက်ပါတယ်။ ဒီစွန့်ပစ်ရေတွေဟာ လူတွေနဲ့ရေနေသတ္တဝါတွေကို ပမာဏအနည်းငယ်နဲ့တောင် အလွန်ထိခိုက်စေနိုင်တဲ့ အခြားသတ္တု အစိုင်အခဲကြီးတွေအဆိပ်အတောက်တွေ ပါဝင်ပါတယ်။

ပြဒါး၊ ခဲ၊ စိန် (အဆိပ်) လိုမျိုး အဆိပ်တောက်တွေနဲ့ ထိတွေ့မိရင် မွေးရာပါ ကလေးအင်္ဂါချို့ယွင်းမှု၊ ကင်ဆာနဲ့ အခြား ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအညစ်အကြေးတွေဟာ အချိန်ကြာလာတဲ့အခါ အာနိသင် ပျက်ပြယ်မသွားတဲ့ပြင် အတော်များများဟာ သက်ရှိခန္ဓာထဲမှာ စုဆုံသွားကြပြီး သိပ်သည်းမှု ပိုများလာကာ အစားအသောက် သံသရာထဲကို ဝင်ရောက်လာပါတယ်။ အကျိုးဆက်အနေနဲ့ ရေနေ သဘာဝဂေဟစနစ်ထဲကိုရေရှည်ထိခိုက်မှု ဖြစ်စေပါတယ်။

ပြဒါး

ကျောက်မီးသွေးကို မီးရှို့တဲ့အခါ ပြဒါးအဆိပ်တွေ လေထုထဲ ရောက်ကုန်ပါတယ်။ ဒီလေထဲက ပြဒါးဆိပ်တွေဟာ မိုးရွာတဲ့အခါမှာ မြစ်ချောင်းတွေထဲကိုစီးဝင်ကုန်ပါတယ်။ ဒီအဆိပ်အတောက်ဟာ အစားအစာကွင်းဆက်ထဲကို ဝင်ရောက်သွားပြီး နောက်ဆုံးမှာအဆိပ်မိနေတဲ့ ငါးတွေကို စားမိရာက လူ့ခန္ဓာကိုယ်တွေထဲကို ရောက်လာပါတော့တယ်။

ပြဒါးအဆိပ်ဟာ အာရုံကြောကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြစ်ပြီးဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ပြဒါးဆိပ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ ရည်ရွယ်ထားသူတွေအတွက် အထူးစိုးရိမ်ဖွယ်ကောင်းတဲ့အရာပဲ ဖြစ်ပါတယ်။

ပြဒါးဆိပ်ရှူရှိုက်မိတဲ့သူတွေဟာ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာတွေ၊သင်ယူမှုပိုင်းဆိုင်ရာ မသန်စွမ်းမှုတွေအပြင်၊ ကလေးငယ်တွေဆိုရင် စကားပြောတာ လမ်းလျှောက်တာကိုနှောင့်နှေးမှု ဖြစ်စေပါတယ်။