သတင်းအချက်အလက်များ

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံ လယ်သမားများ နစ်နာဆုံးရှုံးနေမှုများနှင့်စပ်လျဉ်း၍ လူမှုရေး တရားမျှတမှုရှိရေး တောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲပြုလုပ်

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံ လယ်သမားများ နစ်နာဆုံးရှုံးနေမှုများနှင့်စပ်လျဉ်း၍ လူမှုရေး တရားမျှတမှုရှိရေး တောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲပြုလုပ် ဩဂုတ် 23, 2019

၂၀၁၉၊ သြဂုတ်၂၁ရက်၊ ရန်ကုန်မြို့ ”တော်ဝင်နှင်းဆီ” တွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ဒေသခံ လယ်သမားများက အစိုးရ၊ ကုမ္ပဏီနဲ့ဌာနဆိုင်ရာတွေက ကျူးကျော်လို့ ပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီး ၎င်းတို့သည် ကျူးကျော်များမဟုတ်ကြောင်း ပြောကြားခဲ့သည်။

သီလဝါဒေသရှိ ဒေသခံလယ်သမားများသည် မိမိတို့လယ်ယာမြေများကို ထွန်ယက်လုပ်ကိုင် စားသောက်နေထိုင်ရင်း ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရကာ တရားရုံးများတွင် အမှုများ ရင်ဆိုင်နေရပါသည်။ ထို့အပြင် အခြားသော နည်းလမ်းများဖြင့်လည်း အနှောက်အယှက်ပေးနေခြင်းများ ကြုံတွေ့နေရပါသည်။ 

ထို့ကြောင့် လူမှုစီးပွားဘဝ နစ်နာဆုံးရှုံးနေရသော လယ်သများများအတွက် အသက်မွေးဝမ်းကျောင်းအရဖြစ်စေ၊ ဂုဏ်သိက္ခာအရဖြစ်စေ ရင်ဆိုင်နေရသော အခက်အခဲများအား တရားရုံးများ/သက်ဆိုင်ရာတာဝန်ရှိသူများမှ မြန်ဆန်ပြီး ဘက်မလိုက်သော အမှုစီရင်ဆုံးဖြတ်ချက်များ၊ ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးကြပါရန် လိုလားတောင့်တနေပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပြောင်းရွှေ့ခံ ဒေသခံများသည် လက်ရှိတွင် အလုပ်အကိုင် ရရှိမှု အင်မတန် နည်းပါးနေပြီး နေအိမ်များ ရောင်းချထွက်ခွာမှု များလာကြောင်း ပြောကြားခဲ့ပါသည်။

သီလဝါအထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ်ကတည်းက ဂျပန်- မြန်မာ ပူးပေါင်းဆောင်ရွက်ကာ လက်ရှိတွင် ကုမ္ပဏီပေါင်း ၁၈၀ ကျော်ခန့် ရင်းနှီးမြှုပ်နှံထားပြီး ဟက်တာ ၂၄၀၀ ကျယ်ဝန်းပါသည်။